Tuesday, January 27, 2026

🌸 တောင်ကြီးမြို့ City Square ဆိုင်ကယ်ရပ်နားခကောက်ခံမှုအပေါ် ပြည်သူများဝေဖန်

.

တောင်ကြီး၊ ဇန်နဝါရီ ၂၈

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့လယ်ရှိ City Square ဈေးဝယ်စင်တာ ပတ်လည်တွင် မော်တော်ဆိုင်ကယ် ယာဉ်ရပ်နားခကောက်ခံမှုနှင့်ပတ်သက်၍ မြို့ပေါ်နေ ပြည်သူများအကြား ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

.

.

ယခင်က မော်တော်ဆိုင်ကယ်တစ်စီးလျှင် ရပ်နားခ ၅၀၀ ကျပ်သာ ပေးရသော်လည်း လွန်ခဲ့သည့် ၂ လခန့် မှစတင်ကာ ရပ်နားခအဖြစ် တစ်စီးလျှင် ၁၀၀၀ ကျပ် ကောက်ခံနေပြီး ပျောက်ဆုံးပျက်စီးမှုနှင့် ပတ်သက်၍ မည့်သည့် တာဝန်ယူ တာဝန်ခံမှု မရှိကြောင်း မြို့ခံများက ဝေဖန်ပြောဆိုနေကြခြင်းဖြစ်သည်။

.

“၅ မိနစ်ရပ်လည်း ၁၀၀၀၊ ၁၀ မိနစ်လောက်ရပ်လည်း ၁၀၀၀ ပေးရတယ်။ ပိုက်ဆံပေးရတာက ပြဿနာမဟုတ်ဘူး။ စိတ်ချရအောင် ပိုက်ဆံပေးပြီး အပ်တာလေ။ သူတို့ငွေကောက်တဲ့ ဖြတ်ပိုင်းပေါ်မှာ ပျောက်ဆုံးပျက်စီးမှုအတွက် တာဝန်မယူဘူးဆိုပြီး ရေးထားတော့ ပိုက်ဆံ ၁၀၀၀ ပေးပြီးအပ်လည်း ပျောက်ချင်ပျောက်မှာ ဆိုတဲ့သဘောမျိုး ဖြစ်နေတာပေါ့” ဟု တောင်ကြီးဒေသခံတစ်ဦးက ရှမ်းဂေဇက် မီဒီယာသို့ ပြောသည်။

.

ယာဉ်ရပ်နားခ ငွေကြေးကိုသာ ကောက်ခံပြီး မည်သည့်တာ၀န်ယူမှုမှ မရှိသည့်အတွက်‌ ယင်းနေရာတွင် မော်တော်ဆိုင်ကယ် အပ်နှံသူများအနေဖြင့် မိမိတို့၏ မော်တော်ဆိုင်ကယ် လုံခြုံရေးအတွက် ဇက်သော့အပြင် လုံခြုံစိတ်ချရသည့် ကြိုးသော့ပါ တွဲခတ်ရန်လိုအပ်နေကြောင်း သိရသည်။

.

တောင်ကြီးမြို့ပေါ်တွင် မော်တော်ဆိုင်ကယ်ခိုးယူခံရမှုများ နေ့စဉ်ဖြစ်ပွားနေပြီး ခိုးယူခံရပါကလည်း ပြန်ရနိုင်ခြေ မရှိသလောက်ဖြစ်နေသည့်အတွက် ဈေးဝယ်စင်တာများ၊ ဈေးကြီးများနှင့် လူစည်ကားရာ နေရာများတွင် ဆိုင်ကယ်ရပ်နားရာ၌ သတိပြုရန်လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment