Thursday, April 30, 2026

🌸 တာချီလိတ်တွင် လေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

.

တာချီလိတ်၊ ဧပြီ ၃၀

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးသွားသော နေအိမ်များမှ ပြည်သူများအတွက် ယနေ့ ဧပြီလ ၃၀ ရက်က ခရိုင်/မြို့နယ် စုပေါင်းရုံးတွင် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

.

ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမျိုးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်​ထောက်ညွှန်ကြားရေးမှူး ဒေါ်နန့်ပေါ်လင်းက နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူ ၂၁ ဦးတို့အား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

🌸 ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

.

တောင်ကြီး၊ ဧပြီ ၃၀

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့) ကဆန်ညောင်ရေသွန်းပွဲ ကို ယနေ့ ဧပြီလ ၃၀ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ပင့်သံဃာ ၁၀၈ ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Wednesday, April 29, 2026

🌸 တောင်ကြီးတွင် ယောက္ခထီးက သားမက်ဖြစ်သူကို ဓားဖြင့်ထိုးမှုဖြစ်ပွား

.

တောင်ကြီး၊ ဧပြီ ၂၉

.

တောင်ကြီးမြို့၊ မြို့မရပ်ကွက်တွင် ယမန်နေ့ ဧပြီလ ၂၈ ရက်၊ ညပိုင်းက ယောက္ခထီးက သားမက်ဖြစ်သူကို ဓားဖြင့်ထိုး၍ သားမက်ဖြစ်သူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ ရေမဲလမ်းရှိ ထမင်းဆိုင်တစ်ခုတွင် ထမင်းဟင်းရောင်းချသည့် အမျိုးသမီး တစ်ဦးသည် ယမန်နေ့ ဧပြီလ ၂၈ ရက်၊ ည ၁၀ နာရီခန့်က ထမင်းဟင်းရောင်းချပြီး ဆိုင်သိမ်းကာ နေအိမ်သို့ ပြန်စဉ် မြို့မရပ်ကွက်၊ ရေမဲလမ်းထိပ်တွင် ခင်ပွန်းဖြစ်သူ မိုးထက်ဝင်းအား စောင့်ဆိုင်းနေခိုက် ၎င်း၏ဖခင် ဖြစ်သူ ဦးထွန်းဝေ ရောက်ရှိလာပြီး ခင်ပွန်း မိုးထက်ဝင်းအား အသင့်ယူဆောင်လာသည့် မီးဖိုချောင်သုံး ဓားဖြင့် ဝမ်းဗိုက်အား ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 တာချီလိတ်တွင် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

.

တာချီလိတ်၊ ဧပြီ ၂၉

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ ခန်းမတွင် ယနေ့ ဧပြီလ ၂၉ ရက်၊ နံနက်ပိုင်းက ဘိုးဘွားများအား လစဉ် ကျန်းမာ‌ရေးစောက်ရှောက်မှုပေးခြင်းနှင့် ဆေးဝါးကုသိုလ်ပြု လှူဒါန်းခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် မြန်မာ-ထိုင်း-လာအို (သုံးနိုင်ငံ) နယ်ခြားကော်မတီ ဆက်ဆံရေးတာဝန်ခံ၊ UBL,BLF Company မန်နေးဂျင်း ဒါရိုက်တာ၊ နိုင်ငံတော်လူမှုထူးချွန်(တတိယ)အဆင့်၊ ပြည်နယ်လူမှုထူးချွန် (ပထမ)အဆင့် ဦးဘိုလေး က ဘိုးဘွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးဝါး ကုသိုလ်ပြုလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

🌸 ကျိုင်းတုံတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်မောင်းသေဆုံး

.

ကျိုင်းတုံ၊ ဧပြီ ၂၉

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်လမ်း၊ ပန်ကွဲတောင်အဆင်းတွင် ယနေ့ ဧပြီလ ၂၉ ရက်၊ နံနက်ပိုင်းက ယာဉ်တစ်စီး တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.



.

ကျိုင်းတုံ-‌တာချီလိတ်လမ်း ပန်ကွဲတောင်အဆင်း၊ ပန်လော့ထက ရွာအနီး၌ ယနေ့ ဧပြီလ ၂၉ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသူမှာ အခင်းဖြစ်နေရာတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

Tuesday, April 28, 2026

🌸 လားရှိုးတွင် လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲ ပြုလုပ်

.

လားရှိုး၊ ဧပြီ ၂၈

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ ဧပြီလ ၂၈ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်းမှ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။

.

.

ရှင်းလင်းပွဲတွင် လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးထွန်းနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်တို့က လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်၊

🌸 တာချီလိတ်မြို့၏ လေထုအရည်အသွေး ပြန်လည်ကောင်းမွန်လာ

.

တာချီလိတ်၊ ဧပြီ ၂၈

.

ထိုင်း-မြန်မာနယ်စပ်၊ တာချီလိတ်မြို့၏ ဝန်းကျင်လေထုအရည်အသွေး ပြန်လည်ကောင်းမွန်လာသည် ဟု လေထုအရည်အသွေး တိုင်းတာချက်များအရ သိရသည်။

.

.

တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ဧပြီလ ၂၇ ရက်၊ နံနက် ၇ နာရီမှ ဧပြီလ ၂၈ ရက်နေ့ နံနက် ၇ နာရီ အချိန်ထိ၂၄ နာရီကြာ တိုင်းတာရရှိသည့် ဝန်းကျင်လေထု အရည် အသွေးညွှန်းကိန်း(AQI) အခြေအနေ သည် ၇၇ အဝါရောင် (Moderate) အဆင့်ရှိ၍ လေထုအရည်အသွေးကောင်း မွန်နေကြောင်း သိရသည်။

Monday, April 27, 2026

🌸တောင်ကြီးမြို့၊ ကုန်သည်လမ်းရှိ ဆောက်လုပ်ဆဲ ယာယီညဈေး မြေတွင်းထဲသို့ အမျိုးသားတစ်ဦး ပြုတ်ကျ သေဆုံး ဟူသည်မှာ မဟုတ်မှန်

.

တောင်ကြီး၊ ဧပြီ ၂၇

.

တောင်ကြီးမြို့၊ မြို့မဈေး မြောက်ဘက်၊ ကုန်သည်လမ်းပေါ်ရှိ ဆောက်လုပ်ဆဲ ယာယီညဈေး၏ မြေတွင်း အတွင်းသို့ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးကြောင်း သတင်းများထွက်ပေါ်နေပြီး အဆိုပါ သတင်းမှာ မဟုတ်မှန်ကြောင်း သိရသည်။

.

.

“သူ့ဘာသာသူ အရှိန်လွန်ပြီး ပြုတ်ကျတာပါ။ မသေပါဘူး။ အမှုဖွင့်ထားတာ မရှိပါဘူး။ သူများ ထိခိုက်တာမျိုး မရှိပါဘူး” ဟု တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နေဝင်းက ပြောသည်။

Sunday, April 26, 2026

🌸 တောင်ကြီးမြို့နယ်၊ သင်္ဘောကျေးရွာ မင်္ဂလာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ

.

တောင်ကြီး၊ ဧပြီ ၂၆

.

တောင်ကြီးမြို့နယ်၊ ဘန့်ကွေးကျေးရွာအုပ်စု၊ သင်္ဘောကျေးရွာရှိ မင်္ဂလာစေတီတော်မြတ်ကြီး ပြန်လည် ပြုပြင်မွမ်းမံခြင်းနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ ဧပြီလ ၂၆၊ နံနက်ပိုင်းက အဆိုပါ စေတီတော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ဘုရားဒါယကာ ဦးလှဌေး+ဘုရားဒါယိကာမ နန်းခမ်းအေး (ပအိုဝ်းမ အိမ်ခြံမြေ ရောင်းဝယ်ရေး) မိသားစုနှင့် သင်္ဘောရွာသူ/ရွာသား၊ ရပ်နီးရပ်ဝေး ခုနစ်ရက်သားသမီးအလှူရှင်တို့က ဘုရားဆင်းတုတော်ကို ပင့်ဆောင်ပူဇော်ပြီး စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ခြင်း၊ နှစ်သစ်မင်္ဂလာ တရားတော်နာယူခြင်း၊ ဘုရားရင်ပြင်တော် နိမိတ်ကြီး(၄)ပါး အုတ်တံတိုင်းများ ပြန်လည်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်း စသည့်ကုသိုလ်ကောင်းမှုများ၏ အဖို့ဘာဂကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

🌸တာချီလိတ်တွင် မနက်ဖြန် ဧပြီ ၂၇ ရက်၌ လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်

.

တာချီလိတ်၊ ဧပြီ ၂၆

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မနက်ဖြန် ဧပြီလ ၂၇ ရက်၌ လျှပ်စစ်မီး အချိန်ပိုင်းအားဖြင့် ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

.

.

ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ပျောက်ဆုံးယူနစ် လျော့ကျရေးတို့အတွက် မီးလင်းရေးဦးဆောင်ကော်မတီ၏ ဓာတ်အားဖြန့်ဖြူးမှု စနစ်အတွင်း ယခင်သွယ်တန်း အသုံးပြုထားသော ဓာတ်အားလိုင်းကြိုးများအား အဆင့်မြှင့်တင်အစားထိုးလဲလှယ်ခြင်းနှင့် လိုအပ်သော ကြားတိုင် ထပ်တိုး စိုက်ထူခြင်းလုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်သဖြင့် လျှပ်စစ်မီး ဖြတ်တောက်ခြင်း ဖြစ်ကြောင်း သိရသည်။

Saturday, April 25, 2026

🌸 လားရှိုးတွင် လွှတ်တော်ကိုယ်စားလှယ်များရုံးခန်း ဖွင့်လှစ်

.

လားရှိုး၊ ဧပြီ ၂၅

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ ဧပြီလ ၂၄ ရက်က လွှတ်တော်ကိုယ်စားလှယ်များရုံးခန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ ရုံးခန်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးထွန်း အပါအဝင် ရှမ်းမြောက်ဒေသရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၁ ဦး ရုံးထိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

🌸 ကလောတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ တွေ့ဆုံ

.

ကလော၊ ဧပြီ ၂၅

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့ ဧပြီလ ၂၄ ရက်၊ မွန်းလွဲပိုင်းက လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲ ပြုလုပ် ခဲ့ကြောင်း သိရသည်။

.

.

တွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အတွေ့အကြုံများ၊ လက်ရှိနိုင်ငံရေး အခင်း အကျင်းများ၊ အစိုးရသစ်ဖွဲ့စည်းမှုတို့နှင့် ပတ်သက်ပြီး တက်ရောက်လာသူများကို ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။

🌸 လားရှိုးတွင် ကားပွဲစားတစ်ဦး အသတ်ခံရ

.

လားရှိုး၊ ဧပြီ ၂၅

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဧပြီလ ၂၁ ရက်က ကားပွဲစားတစ်ဦး အသတ်ခံရပြီး ကားလုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မော်တော်ယာဉ် ဝယ်ရောင်း ပြုလုပ်သည့် ကိုဆန်းအောင်သည် ဧပြီလ ၂၁ ရက်၊ ညနေ ၄ နာရီခွဲခန့်က ကားဝယ်မည့် အမျိုးသား ၂ ဦးအား ကားသွားပြပြီးနောက် အမျိုးသား ၂ ဦးက ကား စမ်းမောင်းမည်ဟု ဆိုသဖြင့် အတူ လိုက်ပါသွားခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ကိုဆန်းအောင်၏ ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

🌸 ရွှေညောင်တွင် တောင်သူများအား စက်သုံးဆီ ဖြန့်ဖြူးရောင်းချပေး

.

တောင်ကြီး၊ ဧပြီ ၂၅

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ယမန်နေ့ ဧပြီလ ၂၄ ရက်က စိုက်ပျိုးသူ တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်သုံးဆီများကို လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

.

.

ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်ရှိ ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးရုံးတွင် ယမန်နေ့ ဧပြီလ ၂၄ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စုအတွင်းရှိ ဧပြီလ နွေစပါး စိုက် တောင်သူများအတွက် စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thursday, April 23, 2026

🌸 တာချီလိတ်တွင် ဘိန်းစာရွက် ကီလို ၄၀ ဖမ်းဆီးရမိ

.

တာချီလိတ်၊ ဧပြီ ၂၄

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ ဧပြီလ ၂၃ ရက်၊ နေ့လယ်ပိုင်းက ဘိန်းစာရွက် ကီလို ၄၀ နှင့် ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယမန်နေ့ ဧပြီလ ၂၃ ရက်၊ နေ့လယ် ၁ နာရီခန့်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့တွင်း (၄) လမ်းရှိ နေအိမ်ဆိုင်ခန်း အား ဝင်ရောက်ရှာဖွေရာ စိုင်းလုံဆိုင် နှင့်အတူ ဘိန်းစာရွက် (ကထော့်) ၄၀ ကီလို ဂရမ်ခန့်၊ ဒေသတန်ဖိုး တစ်ကီလိုလျှင် ငွေ ၄၀၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၁၆ သိန်းခန့်နှင့်အတူ ဘိန်းစာရွက် ချက်လုပ်ရာတွင် အသုံးပြုသည့် စပ်ဆက်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

🌸တာချီလိတ်တွင် အသက် ၁၀ နှစ်အရွယ် တူမအား ရိုက်နှက်ညှဉ်းပန်းသူ အဒေါ်ဖြစ်သူကို အရေးယူမည် ဟုဆို

.

တာချီလိတ်၊ ဧပြီ ၂၃

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ ဧပြီလ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် အသက် ၁၀ နှစ်အရွယ် တူမဖြစ်သူ မိန်းကလေးငယ်အား ရိုက်နှက်ညှဉ်းပန်း ဆုံးမသူ အဒေါ်ဖြစ်သူကို အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၁) ရှိ နေအိမ်တစ်ခုတွင် ယမန်နေ့ ဧပြီလ ၂၂ ရက်က အဒေါ်ဖြစ်သူ ဒေါ်လောမိန့် ဆိုသူက အသက် ၁၀ နှစ်အရွယ် ရိုက်နှက်ညှဉ်းပန်း နှိပ်စက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

🌸 တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်၊ ချောင်းများ၏ မြေပေါ်ရေအရည်အသွေးအား တိုင်းတာ

.

တာချီလိတ်၊ ဧပြီ ၂၃

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်၊ ချောင်းများ၏ ရေနမူနာ ကောက်ယူ၍ မြေပေါ် ရေအရည်အသွေး တိုင်တာခြင်းလုပ်ငန်းကို ယနေ့ ဧပြီလ ၂၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ရေနမူနာကောက်ယူတိုင်းတာရာတွင် တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်းတာ အမှတ်(၁) ကို လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ မယ်ဆိုင်ချောင်း (လွယ်တော်ခမ်းတံတား)တွင် လည်းကောင်း၊ တိုင်းတာအမှတ်(၂) ကို မယ်ခေါင်ရပ်ကွက်ရှိ မယ်ဆိုင်ချောင်း မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားအနီးတွင် လည်းကောင်း၊ တိုင်းတာအမှတ် (၄)ကို ဆေခမ်း ရပ်ကွက်ရှိ မယ်ဟုတ်ချောင်း ဦးထွန်းအောင် တံတားအနီးတွင် လည်းကောင်း၊ တိုင်းတာအမှတ် (၅) မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စုရှိ မယ်ဟောက်ချောင်းနှင့် မဲခေါင် မြစ်ဆုံမှတ် ပါရာဒိုက်ဟိုတယ်အနီး တွင်လည်းကောင်း၊ တိုင်းတာအမှတ်(၆)ကို မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် မိုင်းဖုန်း(က) ကျေးရွာအုပ်စုရှိ မဲခေါင်မြစ်၊ ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအနီးတွင် လည်းကောင်းတိုင်းတာပြီး မယ်ခေါင်ရပ်ကွက်ရှိ စည်ပင်ရုံးအနီးတံတား နမ့်မယ်ခေါင်ချောင်းအတွင်းရှိ တိုင်းတာအမှတ် (၃) မှာ နွေရာသီကာလ ရေများခမ်းခြောက်နေ၍ တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

Wednesday, April 22, 2026

🌸 ရှမ်းတောင် အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များ ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးဇလ ထုတ်ပြန်ထား

.

တောင်ကြီး၊ ဧပြီ ၂၂

.

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဧပြီလကုန်အထိ နေ့အပူချိန်များ ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ကြေညာ ထားသည်။

.

.

အဆိုပါဒေသများမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့ဖြစ်ကာ ဧပြီလ၏ ပုံမှန်အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ် ပိုမိုနိုင်ကြောင်း မိုးဇလ၏ ဧပြီလ တတိယ ၁၀ ရက်ပတ်အတွက် ခန့်မှန်းချက်တွင် ဖော်ပြ ထားသည်။

Monday, April 13, 2026

🌸 တောင်ကြီးမြို့တော် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်လှစ်

.

တောင်ကြီး၊ ဧပြီ ၁၃

.

တောင်ကြီးမြို့၏ ၁၃၈၇ ခုနှစ်၊ နှစ်သစ်ကူးမဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဧပြီလ ၁၃ ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

.

Saturday, April 11, 2026

🌸 ကျိုင်းတုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကျော် ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ဧပြီလ ၁၀ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဧပြီလ ၁၀ ရက်၊ နံနက် ၈ နာရီခွဲခန့်က ကျိုင်းတုံမြို့နယ်၊ ဟွေဆိုင်းကျေးရွာနေ ဒေါမိနစ် (ခ) လော်ဂျူး ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ် ၁၁၉ သိန်း အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

🌸 ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် က မီးဘေးသင့်နေအိမ်အား သန့်ရှင်းရေး ဆောင်ရွက်ပေး

.

တောင်ကြီး၊ ဧပြီ ၁၂

.

ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ နှင်းဆီလမ်းနှင့် ဂုဏ်ထူးလမ်းထောင့်ရှိ မီးဘေးသင့် နေအိမ်အား ယနေ့ ဧပြီလ ၁၂ ရက်၊ နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

.

.

အဆိုပါ မီးဘေးသင့်နေအိမ်အား ကူညီသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို ရှမ်းတောင် ပရဟိတညီနောင်များကွန်ရက် အဖွဲ့ဝင် အင်ဂျင်နီယာကော်မတီ ဥက္ကဋ္ဌ ဦးသန်းထိုက် ဦးဆောင်၍ အဖွဲ့ဝင်များဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 ကလောတွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၀ ကို သယ်ဆောင်လာသူနှင့်အတူ ဖမ်းမိ

.

ကလော၊ ဧပြီ ၁၁

.

ကလောမြို့တွင် ယနေ့ ဧပြီလ ၁၁ ရက်၊ နေ့လယ်ပိုင်းက WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၀ ပြားအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ကလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ ဧပြီလ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က လှည့်ကင်း တာဝန် ဆောင်ရွက်နေစဉ် ကလောမြို့၊ အမှတ် (၆) ရပ်ကွက်၊ Nature Land Hotel အနီး ဇောတိကလမ်း အရောက် တွင် ခြေလျင်လမ်းလျှောက်လာသူ လွမ်းဝေစိုး (ခ)ငလုံး ဆိုသူအား စစ်ဆေးရာ ၎င်း ဝတ်ဆင် ထားသော Supreme စာတမ်းပါ နီညိုရောင်ဂျင်းအင်္ကျီ၏ ဝဲဘက်အတွင်း အိတ်ကပ်ထဲမှ Red & Blue ဆေးလိပ်ဘူးခွံ အတွင်း ပလပ်စတစ်အကြည်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၅၀ ပြား၊ အလေးချိ ၄ ဒသမ ၅ ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Friday, April 10, 2026

🌸 ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ ကတိသစ္စာပြု

.

တောင်ကြီး၊ ဧပြီ ၁၀

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ ဧပြီလ ၁၀ ရက်က ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ လွှတ်တော်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များက ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။

.

.

အစည်းအဝေး သတ္တမနေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသော စိုင်းထိန်စိုးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က ကတိသစ္စာ ပြုခဲ့သည်ဟု သိရသည်။

Thursday, April 9, 2026

🌸 ပအိုဝ်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ အမည်စာရင်းကို ရှမ်းလွှတ်တော်တွင် အတည်ပြု

.

တောင်ကြီး၊ ဧပြီ ၉

.

ရှမ်းပြည်နယ်အတွင်းရှိ ပအိုဝ်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များ၏ အလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အမည်စာရင်းကို ရှမ်းပြည်နယ်လွှတ်တော်တွင် တင်ပြအတည်ပြုချက် ရယူခဲ့သည်ဟု သိရသည်။

.

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ ဆဋ္ဌမနေ့ကို ယနေ့ ဧပြီလ ၉ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူက ရှမ်းပြည်နယ်အတွင်းရှိ အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အမည်စာရင်းကို လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူခဲ့ခြင်း ဖြစ်သည်။

Wednesday, April 8, 2026

🌸 တောင်ကြီးတွင် နေအိမ်မီးလောင်မှုဖြစ်ပွား

.

တောင်ကြီး၊ ဧပြီ ၈

.

​ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို၊ ​ရွှေ​တောင်ရပ်ကွက်၊ နယ်မြေ (၁၁) ရှိ နေအိမ်တစ်လုံးတွင် ယ​နေ့ ​ဧပြီလ ၈ ရက်၊ ည ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မီး​လောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်များ၊ ပုဂ္ဂလိက ရေကားများဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေများကို မသိရှိရ သေးချေ။

🌸 ရှမ်းမြောက်မှ မန္တလေးသို့ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၉၉ သိန်းကျော်နှင့် ဘိန်းဖြူများ ဖမ်းမိ

.

တောင်ကြီး၊ ဧပြီ ၈

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှ မန္တလေးမြို့သို့ ရောင်းချရန် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ် ဆေးပြား ၉၉ သိန်းကျော်နှင့် ဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၆ ရက် နံနက် ၈ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်၊ ၅၄(ဘီ)လမ်း၊ ၁၂၈ x ၁၂၉ လမ်းကြား၌ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူများဖြစ်သည့် အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ) သီတာတို့အား ဖမ်းဆီးရမိခဲ့ပြီး အမရပူရမြို့နယ်၊ ဒေါင်းရွေးကျေးရွာရှိ ၎င်းတို့၏နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉ ဒသမ ၂၂ သိန်းပြားနှင့် ဘိန်းဖြူ ၅ ဒသမ ၅ ကီလို ဂရမ်၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဒသမ ၀၂ ဘီလီယံခန့်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Tuesday, April 7, 2026

🌸 ရှမ်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အကြီးအကဲများအား လွှတ်တော်တွင် အတည်ပြု

.

တောင်ကြီး၊ ဧပြီ ၇

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့အား ယနေ့ ဧပြီလ ၇ ရက်၊ နံနက်ပိုက်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် အကြီးအကဲများ၏ အမည်စာရင်းကို အတည်ပြုခဲ့သည်ဟု သိရသည်။

.


.

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသူ စိုင်းထိန်စိုး က ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးဌာနများနှင့် ဝန်ကြီးများ၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြရာ လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Monday, April 6, 2026

🌸 ကျိုင်းတုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်း ဖမ်းမိ

.

ကျိုင်းတုံ၊ ဧပြီ ၆

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ နောင်ရှဲန်ကျေးရွာအနီးတွင် ဧပြီလ ၄ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားတစ်သောင်းအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ ဧပြီလ ၄ ရက်၊ နေ့လယ် ၁ နာရီခွဲ ခန့်က ကျိုင်းတုံမြိုနယ်၊ နောင်ရှဲန်ကျေးရွာအနီးတွင် ကျအူ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းတွင် အမျိုးသားအလောင်း တွေ့ရှိ

.

တောင်ကြီး၊ ဧပြီ ၆

.

တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအနီးတွင် ယနေ့ ဧပြီလ ၆ ရက်၊ နံနက် ၉ နာရီခွဲခန့်က အမျိုးသား အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီး - ကျောက်တစ်လုံးလမ်းနှင့် အဝေရာ မီးပုံးပျံကွင်း ကြားရှိ ရေဆိုးမြောင်း ဘေးတွင် အမျိုးသားတစ်ဦးအား ပြင်ပဒဏ်ရာ မရှိဘဲ ပက်လက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

🌸 ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထိန်စိုးကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရန် ရှမ်းလွှတ်တော် အတည်ပြု

.

တောင်ကြီး၊ ဧပြီ ၆

.

ရှမ်းပြည်နယ်လွှတ်တော်၊ ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ် (၂) စိုင်းထိန်စိုးကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးအပ်ရန် ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

.

.

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြု ခန့်အပ်ခံရသူ စိုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော် ရပ်စောက် မြိုနယ် အချိုးကျကိုယ်စားပြု (PR) ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိထားသူဖြစ်သည်။

Sunday, April 5, 2026

🌸 ဟဲဟိုး ဖောင်းသင်ရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

.

ကလော၊ ဧပြီ ၅

.

ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဖောင်းသင်ကျေးရွာတွင် ယမန်နေ့ ဧပြီလ ၄ ရက်၊ ညပိုင်းက အသက် ၁၈ နှစ်အရွယ်ခန့်ရှိ လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

သေဆုံးသူ လူငယ်မှာ ကလောမြို့နေ မောင်ဇင်မင်းသန့် ဆိုသူဖြစ်ပြီး ယမန်နေ့ည ၈ နာရီခန့်က သမီးရည်းစားကိစ္စ တယ်လီဖုန်း ပြောဆိုပြီးနောက် ဖောင်းသင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ အဆောက်အဦတစ်ခုအနီးတွင် ကြိုးဆွဲချ သတ်သေခြင်းဖြစ်ကြောင်း သိရသည်။

Saturday, April 4, 2026

🌸 မိုင်းပန်-မိုင်းဆတ်ကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

.

မိုင်းပန်၊ ဧပြီ ၅

.

မိုင်းပန်-မိုင်းဆတ်ကားလမ်းတွင် ယမန်နေ့ ဧပြီလ ၄ ရက်၊ နေ့လယ်ပိုင်းက ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားပြီး ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ကြောင်း သိရသည်။

.

.

မိုင်းပန်-မိုင်းဆတ် ကားလမ်း၊ ရွာသာယာကျေးရွာ၊ မိုင်တိုင်အမှတ် (၁၀၃/၄) နှင့် (၁၀၃/၅) ကြားတွင် ယမန်နေ့ ဧပြီလ ၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲ ခန့်က ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ၃ ဦး အနက် ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 တောင်ကြီးတွင် တွဲကားတစ်စီး စားသောက်ဆိုင်ကို ဝင်တိုက်

.

တောင်ကြီး၊ ဧပြီ ၄

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် ယနေ့ ဧပြီလ ၄ ရက်၊ နံနက်ပိုင်းက အိမ်ဆောက်ပစ္စည်းများ တင်ဆောင်ကာ ရပ်နားထားသည့် တွဲကားတစ်စီး ဘရိတ်ပြုတ်ကာ စားသောက်ဆိုင်တစ်ဆိုင်ကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.



.

ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၁၃) မြို့ရှောင်လမ်းဘက်တွင် ယနေ့ ဧပြီလ ၄ ရက်၊ နံနက် ၉ နာရီခွဲခန့်က ကုန်တင်တွဲကားတစ်စီးသည် ရပ်နားထားစဉ် ဘရိတ်ပြုတ်ပြီး လိမ့်ဆင်းသွားရာမှ ပန်းချယ်ရီအကြော်စုံနှင့် ကဖေးဆိုင်ကို ဝင်တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Friday, April 3, 2026

🌸 တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် ထရန်စဖော်မာ မီးလောင်မှုဖြစ်ပွား

.

တောင်ကြီး၊ ဧပြီ ၃

.

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ (၁)၊ အောင်သပြေလမ်းရှိ လျှပ်စစ်ထရန်စဖော်မာတွင် ယနေ့ ဧပြီလ ၃ ရက်၊ နေ့လယ်ပိုင်းက ရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


.

တောင်ကြီးမြိုနယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာနပိုင် လျှပ်စစ်ထရမ်စဖော်မာ၏ ကေဘယ် ကြိုးရှော့ဖြစ်ရာမှတစ်ဆင့် ထရမ်စဖော်မာမိန်းခုံနှင့် အနီးရှိ အမှိုက်များအား မီး လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုကို မီးသတ်ဦးစီးဌာန၊ တောင်ကြီးမြိုနယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွား ခဲ့ကြောင်း သိရသည်။

Wednesday, April 1, 2026

🌸 တောင်ကြီးမြို့၊ ဂနိုင်ရွေးရွာတွင် နေအိမ်တစ်လုံး မီးလောင်

.

တောင်ကြီး၊ ဧပြီ ၂

.

တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ဂနိုင်ရွေးရွာရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဧပြီလ ၂ ရက်၊ နံနက်ပိုင်း က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

“လူမနေတဲ့အိမ်လို့တော့ သိရပါတယ်။ ဘာကြောင့်လောင်လဲ မသိပါဘူး” ဟု ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။

🌸 ကျိုင်းတုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆ ထောင် ဖမ်းမိ

.

ကျိုင်းတုံ၊ ဧပြီ ၂

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ဝမ်ကျွမ်ကျေးရွာတွင် ယမန်နေ့ ဧပြီလ ၁ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၆ ထောင်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဧပြီလ ၁ ရက်၊ နေ့လယ် ၂ နာရီအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ ဝမ်ကျွမ်ကျေးရွာနေ စိုင်းလုံတစ်(ခ)စိုင်းပုံ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား၊ ဒေသကာလတန်ဖိုး ငွေကျပ် ၄၂ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 တောင်ကြီးမြို့၊ ကံကြီးနှင့် ရေအေးကွင်းတို့တွင် တောမီးလောင်ကျွမ်းမှု ဖြစ်ပွား

.

တောင်ကြီး၊ ဧပြီ ၁

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်နှင့် ရေအေးကွင်းရပ်ကွက်တို့တွင် ယမန်နေ့ညနေပိုင်း နှင့် ယနေ့နံနက်ပိုင်းတို့က တောမီးလောင်ကျွမ်းမှု တစ်ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ဓာတုဝိနယရာဇာမုနိစေတီတော်အနီးတွင် ယမန်နေ့ မတ်လ ၃၁ ရက်၊ ညနေ ၄ နာရီခွဲခန့်က ကိုင်းတော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။