Tuesday, May 26, 2026

🌸 အောင်ပန်းတွင် ချဲထီရောင်းသည့် အမျိုးသမီး တစ်ဦး ဖမ်းဆီးခံရ

 အောင်ပန်း၊ မေ ၂၆

.

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ချဲထီနှင့် နှစ်လုံးထီ ရောင်းချသေည့် အမျိုးသမီး တစ်ဦး ယမန်နေ့ မေလ ၂၅ ရက်၊ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

.

.

အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ အောင်သုခလမ်းနေ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးကို ရဲတပ်ဖွဲ့က စားပွဲ အပါအဝင် သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး လောင်းကစားဥပဒေဖြင့် အရေးယူထား ကြောင်း သိရသည်။

Monday, May 25, 2026

🌸 ပင်လုံတွင် ကျပ်သိန်း ၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

.

လွိုင်လင်၊ မေ ၂၄

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံ-ကျောက်တန်း-တောင်ကြီးသွား ကားလမ်းတွင် မေလ ၂၁ ရက်၊ နေ့လယ် ၂ နာရီခန့်က ငွေကျပ်သိန်း ၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ပင်လုံ-ကျောက်တန်း-တောင်ကြီးသွား ကားလမ်းပေါ် မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေစဉ် ဟန်ထူးအောင် မောင်းနှင်ပြီး မျိုးသူကို လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်မှ ကာလတန်ဖိုးငွေကျပ် ၈၅၆၈ သိန်းရှိ ဘိန်းဖြူဘလောက်တုံး ၂၇၂ တုံးနှင့် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ဖြစ်သည့် Happy Water အလေးချိန် ၁ ဒသမ ၀၀၅ ကီလိုအား တွေ့ရှိကာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Sunday, May 24, 2026

🌸 တောင်ကြီးမြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်

.

တောင်ကြီး၊ မေ ၂၄

.

တောင်ကြီးမြို့နယ်စာရေးဆရာအသင်း၏ အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်ပွဲကို ယနေ့ မေလ ၂၄ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ Community Centre Taunggyi ဘက်စုံသုံး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

“အရင် ဥက္ကဋ္ဌကလည်း အသက်အရွယ်နဲ့ ကျန်းမာရေးအရ အနားယူချင်ပြီ။ နောက်ပြီး ဗဟိုရဲ့ ညွှန်ကြားချက် လည်း ရှိတာကြောင့် အလုပ်အမှုဆောင်အဖွဲ့သစ်ကို ပြန်လည်ရွေးချယ်တာဖြစ်ပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

🌸 တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာတွင် အမျိုးသားတစ်ဦး ပေါက်ပြားဖြင့် ထုရိုက်ခံရမှုဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာတွင် ယနေ့ မေလ ၂၄ ရက်၊ နံနက်ပိုင်းက အမျိုးသားတစ်ဦး ပေါက်ပြားဖြင့် ထုရိုက်ခံရမှု ဖြစ်ပွားပြီး ဦးခေါင်းသွေးထွက် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

.

မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာနေ ကိုဝိုင်းချစ် အား တစ်ရွာတည်းနေ မျိုးထက်အောင် ဆိုသူက ယခင် အခြေအတင်စကားများခဲ့မှုအပေါ် မကျေနပ်၍ ဦးခေါင်းအား ပေါက်ပြားဖြင့် ထုရိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Saturday, May 23, 2026

🌸 လားရှိုးမြို့နယ်စာရေးဆရာအသင်း စုံညီအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲ ပြုလုပ်

.

လားရှိုး၊ မေ ၂၃

.

လားရှိုးမြို့နယ် စာရေးဆရာအသင်း၏ မျက်နှာစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲကို ယနေ့ မေလ ၂၃ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အစည်းအဝေးတွင် လားရှိုးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် ဦးသောင်းလွင် (ဆရာနေမျိုးနွယ်)၊ အတွင်းရေးမှူးအဖြစ် ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး) နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်စန္ဒာကြူ တို့ကို ရွေးချယ် အတည်ပြုခဲ့ပြီး ညီလာခံကိုယ်စားလှယ်အဖြစ် ဒေါ်စန္ဒာကြူကို ရွေးချယ်အတည်ပြုခဲ့ကြကြောင်း သိရသည်။

🌸 ဆီဆိုင်မြို့နယ်မှ မိုးကြိုးထိမှန်သေဆုံးခဲ့သည့် နွားကောင်ရေ ၅၀ အတွက် ကမ္ဘောဇဖောင်ဒေးရှင်းက ထောက်ပံ့ ကူညီမည်

.

တောင်ကြီး၊ မေ ၂၃

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ မိုးကြိုးစက်ကွင်း ထိမှန် သေဆုံးခဲ့သည့် နွားကောင်ရေ ၅၀ အတွက် နွားပိုင်ရှင်များအား ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်တို့က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.



.

ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ ၂၃ ရက်က ကျင်းပပြုလုပ်ရာ အစည်းအ‌ဝေးတွင် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်နှင့် ကမ္ဘောဇဖောင်ဒေးရှင်း ဦးဆောင်နာယ ဦးအောင်ကိုဝင်းက ယင်းကဲ့သို့ လမ်းညွှန် မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး တာချီလိတ်မြို့ရှိ ကုန်သွယ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

.

တာချီလိတ်၊ မေ ၂၃

.

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ မေလ ၂၃ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး တံတားအမှတ် (၂ ) သို့ သွားရောက်၍ ကုန်သွယ်မှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

.


.

ထိုသို့ စစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးက ဌာနဆိုင်ရာ  One Stop Service (OSS) အဖွဲ့များအား တွေ့ဆုံ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းများ မှန်ကန်မှုရှိစေရေး စနစ်တကျစိစစ်ရန်၊ ပို့ကုန်၊ သွင်းကုန် လုပ်ထုံး လုပ်နည်းများအတိုင်းဆောင်ရွက်ရန်၊ လိုင်စင်တွင်ပါသည့် အမျိုးအစား၊ တန်ချိန်အတိုင်း ဖြစ်စေရေး ကြပ်မတ်ရန်နှင့် တရားမဝင်တင်ပို့တင်သွင်းခြင်းများမရှိစေရေး အလေးထား ဆောင်ရွက်ကြရန် တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

🌸 ကလောမြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲ ပြုလုပ်

.

ကလော၊ မေ ၂၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် စာရေးဆရာအသင်း၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အလုပ် အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ မေလ ၂၂ ရက်၊ နံနက်ပိုင်းက ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အစည်းအဝေးတွင် သဘာပတိ ဦးကိုကိုကြီး (သက်မောင်-ကလော) က အမှာစကား ပြောကြားပြီး အတွင်း ရေးမှူး ဦးဇော်သိန်းရည် (ရဲရဲရည်)၊ ဦးအောင်ချစ် (အောင်ချစ်-ဟဲဟိုး)၊ ဦးမြင့်ငွေ (ချမ်းမြဆောင်း-ကလော) နှင့် ဒေါ်မြသီတာဆန်း (မြသီတာ-ကလော)တို့က အသင်း၏ ဆောင်ရွက်ချက်များနှင့် အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Friday, May 22, 2026

🌸 တာချီလိတ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

.

တာချီလိတ်၊ မေ ၂၂

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တပ်နယ်အစည်းအဝေး ခန်းမတွင် ယနေ့ မေလ ၂၂ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့၊ ဝါတွင်းကာလ ဆရာတော် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အစည်းအဝေးတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများက ဒေသခံ ပြည်သူများ စုပေါင်းပါဝင်လှူဒါန်းနိုင်ရေး၊ သံဃာတော်များအား ကြည်ညိုသဒ္ဓါပွားများစွာဖြင့် ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေး၊ လုပ်ငန်းတာဝန်များကို စနစ်တကျ ခွဲဝေသတ်မှတ် ဆောင်ရွက်နိုင်ရေးနှင့် ကြိုတင် စီမံဆောင်ရွက်ထားရှိနိုင်ရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Thursday, May 21, 2026

🌸 ‌ညောင်ရွှေနှင့် လားရှိုးတွင် စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူနှင့် ဘိန်းစိမ်းများ ဖမ်းမိ

.

တောင်ကြီး၊ မေ ၂၂

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုမြို့တို့တွင် ရက်၊ စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မေလ ၂၀ ရက်၊ ညနေ ၄ နာရီခွဲ ခန့်က ညောင်ရွှေမြို့နယ်၊ ပွဲစားကုန်းလယ်ပြင်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ဇော်လွင်ဦး (ခ )အယ်ဇော် အား စစ်ဆေး ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား၊ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅၀အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 ရှမ်းပြည်နယ်အားကစားကွင်း ပတ်လည်ရှိ တိုက်ခန်းများကို ဖြိုဖျက်

.

တောင်ကြီး၊ မေ ၂၂

.

တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ တစ်ပိုင်းတစ်စ ဖြိုဖျက်ထားသည့် ဆိုင်ခန်းများကို စတင်ဖြိုဖျက်နေလျက် ရှိကြောင်း သိရသည်။

.

.

အဆိုပါ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ လူနေတိုက်ခန်းနှင့် ဆိုင်ခန်းများကို ပြီးခဲ့သည့် မေလ၂၀ ရက် အပြီး ပြောင်းရွှေ့ဖယ်ရှားရန် ဆိုင်ခန်းပိုင်ရှင်များအား သက်ဆိုင်ရာက အကြောင်းကြားထားခဲ့ပြီး ဆိုင်ရှင်များ က ၎င်းတို့အစီအစဉ်ဖြင့် ဖျက်သိမ်းပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

🌸 သီပေါမြို့နယ်၏ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကိစ္စများကို မေးခွန်းမေးမြန်း ဆွေးနွေးရန် ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြော

.

တောင်ကြီး၊ မေ ၂၁

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ဒေသ၏ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသတည်ငြိမ် အေးချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းမေးမြန်း ဆွေးနွေးတင်ပြသွားရန် ရှိနေသည်ဟု သီပေါမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံ ထံက သိရသည်။

.

.

“မကြာခင် မိုးတွင်းကာလ ရောက်တော့မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကွင်းဆင်းကြည့်တဲ့အခါမှာ တချို့ သောဒေသတွေက ပြည်ထောင်စုလမ်းမကြီးနဲ့ နီးပေမဲ့ သွားရေးလာရေး ခက်ခဲနေတာရှိတယ်။ လမ်းပိုင်း မကောင်းတဲ့အတွက် ဒေသဖွံ့ဖြိုးရေးတွေနောက်ကျတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းတွေမှာ သွားပြီးတော့ သက်ရောက်မှုရှိပါတယ်။ ဒီလမ်းပိုင်းတွေကို အဆင့်မြှင့်တင်ပေးနိုင်ရန် ရှိ/မရှိ မေးခွန်းမေးဖို့ ရှိပါတယ်။ နောက်ပြီးတော့ ဒေသရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းပါ။ ဒါတွေကို လွှတ်တော်မှာ မေးခွန်း မေးမြန်း ဆွေးနွေးဖို့ ရှိပါတယ်” ဟု စိုင်းကောင်းသက်စံက ပြောသည်။

🌸 မိုင်းဖြတ်မြို့နယ်၊ နားမွန်ကျေးရွာတွင် အခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲ ပြုလုပ်

.

မိုင်းဖြတ်၊ မေ ၂၁

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်ကျေးရွာခန်းမတွင် ယနေ့ မေလ ၂၁ ရက်၊ နံနက်ပိုင်းက အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွေးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူး များနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

Wednesday, May 20, 2026

🌸 ရှမ်းပြည်နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူ

.

တောင်ကြီး၊ မေ ၂၁

.

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရှမ်းပြည်နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့ မေလ ၂၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ၂၀၂၆-၂၀၂၇ ပညာင်နှစ် ရှမ်းပြည်နယ် ကျောင်းအပ်နှံ‌ရေးသီတင်းပတ် မြေစိုက်ပိုစတာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ စိုင်းထွန်းစိန်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

🌸 ပင်းတယမြို့နယ်တွင် မူ/ပြဆရာမတစ်ဦးက အမျိုးသမီး ၂ ဦးအား ဓားဖြင့်ထိုးမှုဖြစ်ပွားပြီး တစ်ဦး သေဆုံး

.

ပင်းတယ၊ မေ ၂၀

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာတွင် ယမန်နေ့ မေလ ၁၉ ရက်၊ ညပိုင်းက မူလတန်းပြ ကျောင်းဆရာမတစ်ဦးက အမျိုးသမီး ၂ ဦးအား ဓားဖြင့် ထိုးမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာရှိ ဒေါ်မြကြည်၏ နေအိမ်တွင် ယမန်နေ့ည ၇ နာရီခန့်က အော်သံကြား၍ တစ်ခြံဝင်းထဲနေသူ ဦးသောင်းကြွယ်မှ သွားရောက်ကြည့်ရှုရာ ၎င်း၏ သမီးဖြစ်သူ မမီးအို (ခ) မစန်းစန်းအေး နှင့် အစ်မ ဖြစ်သူ ဒေါ်မြကြည်တို့တွင် ဓားဒဏ်ရာများဖြင့် အသီးသီး လဲကျနေသည်ကို တွေ့ရှိရပြီး နေအိမ် အတွင်း တစ်ရွာတည်းနေ ကျားကုန်းအုပ်စု၊ ဘုရားကုန်းကျေးရွာ အမကကျောင်းမှ မူလတန်းပြ ကျောင်းဆရာမ  မနုနုထွေး ဆိုသူအား ဓားဦးချွန်တစ်လက် ကိုင်ဆောင်လျက် တွေ့ရှိသဖြင့် ဦးသောင်းကြွယ် က ဓားအား ဝင်ရောက်လုယူကာ ဒဏ်ရာရရှိသူ မစန်းစန်းအေးနှင့် ဒေါ်မြကြည်တို့အား မြင်းမူကျေးရွာရှိ ပရဟိယာဉ်ဖြင့် ပင်းတယပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

🌸 လွိုင်လင်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

.

လွိုင်လင်၊ မေ ၂၀

.

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့၊ အမှတ် (၁) ရပ်ကွက်တွင် ယမန်နေ့ မေ လ ၁၉ ရက်၊ နေ့လယ်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်း ပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

🌸 နမ့်စန်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ပြုလုပ်

.

နမ့်စန်၊ မေ ၂၀

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေး ခန်းမတွင် ယနေ့ မေလ ၂၀ ရက်၊ နေ့လယ်ပိုင်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း‌ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင် က လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရခြင်းနှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်က ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

🌸 ဟိုပုံးတွင် အများပြည်သူများအသုံးပြုသွားလာနေသည့် လမ်းကို အိမ်ရှင်တစ်ဦးက ပိတ်ဆို့ကာရံထား

.

ဟိုပုံး၊ မေ ၂၀

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ အနောက်ရပ်ကွက်ရှိ အများပြည်သူ သွားလာအသုံးပြုနေသည့် သရဖီလမ်း၏ အစိတ်အပိုင်း တစ်ခုကို အိမ်ရှင်တစ်ဦးက ဝင်းတံခါးပိတ်ဆို့ ကာရံထားသည့်အတွက် ဒေသခံများ သွာလာရေး အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

.

ယင်း သရဖီလမ်းသည်  လမ်းအတွင်း နေထိုင်သူများသာမက အနောက် ရပ်ကွက်နှင့် ဟိုပုံးမြို့ပေါ် ရပ်ကွက်များမှ ဒေသခံပြည်သူများ အသုံးပြု သွားလာနေသော လမ်းဖြစ်ပြီး ရှေးယခင်ကတည်းက လမ်းအဖြစ် တည်ရှိခဲ့ခြင်း ဖြစ်ကာ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က စတင်၍ အိမ်ရှင် ဖြစ်သူက လမ်း ပိတ်ဆို့၍ သံတံခါး တပ်ဆင်ထားခြင်း ဖြစ်သည်ဟု သိရသည်။

Tuesday, May 19, 2026

🌸 တာလေတွင် တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထိုးနှံပေး

.

တာချီလိတ်၊ မေ ၂၀

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုတွင် ဒေသအတွင်း တိရစ္ဆာန်ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်စေရန်၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့် မွေးမြူသူများ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ယနေ့ မေလ ၂၀ ရက်၊ နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရက်(၁၀၀) တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးထိုး စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ တာလေမြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဒေါက်တာကျော်ကျော်စိုးနှင့် ဝန်ထမ်းများက ဒေသကျွဲ၊ နွား တစ်နိုင်တစ်ပိုင် မွေးမြူသူများအား တွေ့ဆုံ၍ တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာများ ရှင်းလင်း ဟောပြောကြားခဲ့ကြောင်း သိရသည်။

🌸 မိုးနဲတွင် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းမရှိသေးသဖြင့် တောင်သူများ စိုက်ပျိုးချိန် မမီနိုင် ဟုဆို

.

၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်း မရှိသေး သည့်အတွက် တောင်သူများ စိုက်ပျိုးချိန် မမီနိုင်ဘဲ အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။

.

.

လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ရက် ၁၀၀ စီမံချက်တွင် မပါဝင်သည့်အတွက် မိုးနဲမြို့နယ်အတွင်းရှိ တောင်သူ များအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ဩဂုတ်လမှသာ ထုတ်ချေးနိုင်မည်ဟု ဆိုသဖြင့် တောင်သူများအတွက် စိုက်ပျိုးချိန် အမီမရရှိနိုင်ဘဲ များစွာနောက်ကျမည်ဖြစ်ကြောင်း မိုးနဲမြို့နယ် တောင်သူလယ်သမားအဖွဲ့ ထံက သိရသည်။

🌸 တာချီလိတ်မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်

.

တာချီလိတ်၊ မေ ၁၉

.

တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ် တင်မြှောက်ပွဲကို ယနေ့ မေ ၁၉ ရက် ညနေပိုင်းက တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်စာရေးဆရာအသင်းရုံး၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးလှဌေးက အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ် တင်မြှောက် ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာအသင်း နာယက ဦးစိုးစိုးက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

Monday, May 18, 2026

🌸 လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံးခဲ့သည့် စည်ပင်ဝန်ထမ်း၏ ကျန်ရစ်သူကို လူမှုဖူလုံရေး အကျိုးခံစားခွင့် ထုတ်ပေး

.

တောင်ကြီး၊ မေ ၁၈

.

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော မြို့နယ်စည် ပင်သာယာရေးဌာနမှ အာမခံအလုပ်သမား ဦးဝင်းမြင့်သိန်း၏ ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် ဆိုင်သည့် ငွေလုံးငွေရင်း အကျိုးခံစားခွင့်ကို ယနေ့ မေလ ၁၈ ရက်တွင် ခွင့်ပြု ထုတ်ပေးခဲ့ကြောင်း သိရသည်။

.

.

ယင်း စည်ပင်ဝန်ထမ်း ဦးဝင်းမြင့်သိန်းသည် ပြီးခဲ့သည့် မတ်လ ၁၈ ရက်တွင် စည်ပင်သာယာရေး လုပ်ငန်းခွင် အတွင်း၌ မတော်တဆမှု ဖြစ်ကာ သေဆုံးခဲ့ရခြင်း ဖြစ်ပြီး ယခုတွင် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ခင်ရွှေအား လူမှုဖူလုံရေးအဖွဲ့၊ ရှမ်းပြည်နယ်တာဝန်ခံ ဒုညွှန်မှူးက ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် ဆိုင်သည့် ငွေလုံးငွေရင်း အကျိုးခံစားခွင့်ငွေကျပ် ၁၁၈၈၀၀၀၀ ကို ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Sunday, May 17, 2026

🌸 ရွာငံမြို့နယ်တွင် သဲကျင်းပြိုကျပြီး ၂ ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရ

.

ရွာငံ၊ မေ ၁၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ယနေ့ မေလ ၁၇ ရက်၊ နံနက်ပိုင်းက သဲကျင်းပြိုကျမှု ဖြစ်ပွားပြီး ၂ ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ရွာငံမြို့နယ်၊ ယကြီးကျေးရွာအနီးတွင် ယနေ့ မေလ ၁၇ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်ခန့်က သဲကျင်း ပြိုကျပြီး ကျောက်သဲတူးနေသူ အမျိုးသား ၃ ဦး ပိမိနေသဖြင့် ရွာငံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၂ ဦး သေဆုံးပြီး တစ်ဦး မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 တာချီလိတ်မြို့နယ်စာရေးဆရာအသင်း (၂၇) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပ

.

တာချီလိတ်၊ မေ ၁၇

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း၏ ဖွဲ့စည်းတည်ထောင်ခြင်း (၂၇) နှစ်ပြည့် အခမ်းအနားကို ယနေ့ မေလ ၁၇ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ် စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း နာယက ဦးဇော်နိုင်ဦး(ကိုသားကြီး)က အသင်းနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

🌸 ဟိုမိန်းတွင် နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်ရန် လွှတ်တော်သို့ မေးမြန်းထား

.

လင်းခေး၊ မေ ၁၇

.

ထိုင်း-မြန်မာနယ်စပ်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့တွင် တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်နိုင်ရေး အတွက် လွှတ်တော်သို့ မေးခွန်းမေးမြန်း တင်ပြထားသည်ဟု သိရသည်။

.

.

နယ်စပ်ကုန်သွယ်ရေးဂိတ်ဖွင့်ဖို့ မေးခွန်းမေးထားပါတယ်။ လွှတ်တော်ပထမအစည်းအဝေး မပြီးခင် မတ်လ ၂၀ ရက်က စာတင်ထားတာပါ။ လာမယ့်လွှတ်တော် အစည်းအဝေးမှာ ဖြေကြားဖို့တော့ ဝန်ကြီးဌာနတွေက အကုန်လုံးတော့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆေဟန် က ပြောသည်။

🌸 လွိုင်လင်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ပြားများ နေ့ချင်းပြီး ထုတ်ပေး

.

လွိုင်လင်၊ မေ ၁၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်း လုပ်ငန်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

.

.

ထိုသို့ ဆောင်ရွက်ရာတွင် ယမန်နေ့ မေလ ၁၆ ရက်၊ နံနက်ပိုင်းက လွိုင်လင်မြို့နယ်၊ ပန်မုန့်ကျေးရွာအုပ်စုနှင့် ပန်ဝိုးကျေးရွာအုပ်စုများမှ ဒေသခံပြည်သူ ၇၉ ဦးအား ရုံးသို့ဖိတ်ခေါ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ထုတ်ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြား ဆောင်ရွက်ပေးနေမှုကို ရှမ်းပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းနှင့် လွိုင်လင်ခရိုင် ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ‌ဒေါ်ဥမ္မာအောင် တို့က ကြည့်ရှုအားပေးပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

#ShanGazette #LoiLem

.

Saturday, May 16, 2026

🌸 မူဆယ်တွင် ပျောက်ဆုံးနေသည့် မိန်းကလေးငယ်မှာ အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရ ဟုဆို

.

မူဆယ်၊ မေ ၁၆

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်မှာ မူဆယ်ကားကြီးကွင်းရှိ အခန်းတစ်ခု အတွင်း ပိတ်လှောင် ခံထားရသည်ဟု သိရသည်။

.

.

“သမီးက မူဆယ်ကားကြီးကွင်းမှာ ရှိနေတယ်တဲ့။ မနေ့ညတုန်းက Viber ကနေ ဖုန်းပေးပြော တာလို့ ပြောပါတယ်။ ဒီဖုန်းက ခဏပဲ ပေးပြောတာတဲ့။ သူကတော့ အဆင်ပြေတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကလေးမျက်နှာက မကောင်းပါဘူး။ အခန်းထဲမှာ ပိတ်လှောင်ခံထားရတယ်။ မေကြီးတို့လည်း လာခေါ်လို့ ရမှာမဟုတ်ပါဘူးလို့ ပြောပါတယ်” ဟု မိန်းကလေး၏ မိခင်က ပြောသည်။

🌸 တာချီလိတ်တွင် ရေမြောင်းသန့်ရှင်းရေး စုပေါင်းဆောင်ရွက်

.

၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ရေကြီးရေလျှံမှုများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ မေလ ၁၆ ရက်၊ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ထို့သို့ သန့်ရှင်းရေး ပြုလုပ်ရာတွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေး၊ ရေမြောင်းများ အတွင်းရှိ အမှိုက်သရိုက်များ၊ ဒိုက်ဖတ်များ၊ ရွှံ့နွံများရှင်းလင်းခြင်းလုပ်ငန်းကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ UBL ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်း၊ လူမှုရေး အသင်းအဖွဲ့များ၊ စည်ပင်သာယာရေးဌာနဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်၍ လူအင်အား၊ စက်ယန္တရားများဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Friday, May 15, 2026

🌸 နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံး အရှုံးပေါ်သွားတဲ့ HONDA

.


.

ဂျပန်နိုင်ငံအခြေစိုက်၊ ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Honda ကတော့ ၁၉၅၅ ခုနှစ်ကစလို့ နှစ်ပေါင်း ၇၀ အတွင်းမှာ ပထမဆုံးအကြိမ်အရှုံးပေါ်သွားခဲ့ပါတယ်။ ဒီအခြေအနေက EV ကားထုတ်လုပ်မှုတွေကို ကား လုပ်ငန်း ကုမ္ပဏီတွေ အကြီးအကျယ်လျှော့ချနေတာရဲ့ နောက်ဆက်တွဲ အကျိုးဆက်လို့တောင် ပြောရ မလားပါပဲ။

🌸 တာချီလိတ်တွင် လူရည်ချွန်မောင်မယ်များအား ကြိုဆိုဂုဏ်ပြု

.

တာချီလိတ်၊ မေ ၁၅

.

တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ခရိုင် လူရည်ချွန်မောင်မယ်များအား ယနေ့ မေလ ၁၅ ရက်၊ နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် မိဘများ၊ ဒေသခံပြည်သူ များက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

.

.

အဆိုပါ လူရည်ချွန် ကျောင်းသား/သူများသည် နေပြည်တော်နှင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေများသို့ လေလာရေးခရီး သွားရောက်ပြီး ယနေ့တွင် တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြေင်း သိရသည်။

Thursday, May 14, 2026

🌸 ရှမ်းပြည်နယ် လယ်ဖွံ့ဘဏ်ခွဲ၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ပေးအပ်

.

၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ မေလ ၁၅ ရက်၊ နံနက်ပိုင်းက မြန်မာ့ လယ်ယာဖွံ့ဖြိုး‌ဘဏ်၊ ရှမ်းပြည်နယ်ဘဏ်ခွဲ၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ် သန်းသန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း၊ စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ လဆိုင်းက ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် စိုက်ပျိုးရေး မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းတည်ဆောက်ရေးကို အထောက်အကူပြုစေရန်အတွက် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ က စတင်ပြီး နှုန်းထားတိုးမြှင့်ထုတ်ချေးမည် ဖြစ်ပြီး စပါးသီးနှံအတွက် ယခင်ကျပ်တစ်သိန်းခွဲ မှ ကျပ်သုံးသိန်း၊ အခြားသီးနှံ ၁၈ မျိုးအတွက် ယခင်ကျပ်တစ်သိန်း မှ ကျပ်နှစ်သိန်းခွဲ၊ ပန်းနှမ်း၊ ဆီမုံညှင်း၊ ဂုန်လျှော် သီးနှံ ၃ မျိုးအတွက် ယခင်ကျပ်တစ်သိန်း မှ တစ်သိန်းခွဲသို့ တိုးမြှင့်ထုတ်ချေး ပေးသွားမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာ ချေးငွေများကိုလည်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

🌸 တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် ၄ နှစ်အရွယ် ကလေးငယ်ကို မိထွေးက သတ်ဖြတ် အလောင်း ဖျောက်မှု ဖြစ်ပွား

.

တောင်ကြီး၊ မေ ၁၅

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် မေလ ၁၂ ရက်က အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မိထွေးဖြစ်သူက သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁) ကျောက်ရေအိုးလမ်းတွင် အိမ်ငှားနေထိုင်သည့် ကိုကျော်စိုးဦး ၏ ဇနီး သန္တာဝေ သည် မေလ ၁၂ ရက်၊ နေ့လယ်ပိုင်းက ခင်ပွန်းဖြစ်သူ အလုပ်သွားနေစဉ် ခင်ပွန်း၏ ယခင် ဇနီးသည် နှင့် ရရှိခဲ့သည့် အသက် ၄ နှစ်အရွယ် ကလေးငယ်အား ထမင်းကျွေးပြီး အိပ်ရန်အတွက် ချော့သိပ်ရာ ကလေး မှာ အိပ်စက်ခြင်းမပြုဘဲ အော်ဟစ်ငိုယိုနေသည့်အတွက် ဝါးခြမ်းပြားဖြင့် ၃ ချက်ခန့် ရိုက်နှက်ခဲ့ပြီး လည်ပင်း အား လက်ဖြင့်ညှစ်ခဲ့ရာ ကလေးငယ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 လပွတ္တာမှ အမျိုးသမီးငယ်တစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး မူဆယ်တွင် ပျောက်ဆုံးနေ

.

မူဆယ်၊ မေ ၁၄

.

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေကြောင်း သိရသည်။

.

.

ပျောက်ဆုံးနေသည့် မိန်းကလေးငယ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီး ကျေးရွာအုပ်စု၊ ပျံချီကျေးရွာနေ မခင်သီတာစန်း ဆိုသူဖြစ်ပြီး ၎င်းသည် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှ တစ်ဆင့် မူဆယ်တွင် လစာများသည့်အလုပ် ရမည်ဟုဆိုသဖြင့် အလုပ်လုပ်ကိုင်ရန် မူဆယ်မြို့သို့ သွားရောက်ပြီး မေလ ၁၀ ရက်ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

🌸 ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

.

တောင်ကြီး၊ မေ ၁၄

.

တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ မေလ ၁၄ ရက်က ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု သိရသည်။

,

.

အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ခွန်ထွန်းဖြူက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး စိုင်းထွန်းထွန်းက ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးလုပ်ငန်း အစီရင်ခံစာကို ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။

Wednesday, May 13, 2026

🌸 ကျိုင်းတုံတွင် လူသတ်ဓားပြတိုက်မှုဖြစ်ပွားပြီး ရွှေ ၃ ပိဿာခန့် ပါသွား

.

ကျိုင်းတုံ၊ မေ ၁၃

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ယနေ့ မေလ ၁၃ ရက်၊ နေ့လယ်ပိုင်းက လူသတ် ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရွေထည် ၃ ပိဿာခန့်နှင့် ငွေသားများ၊ ကားတစ်စီးတို့ ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

.



.

ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်နေ ခေမရဋ္ဌ ရွှေဆိုင်ပိုင်ရှင် ဒေါ်နန်းလာ သည် ယနေ့ မေလ ၁၃ ရက်၊ နေ့လယ် ၁ နာရီခန့်က သားဖြစ်သူ စိုင်းရီတစ်ဆမ်၊ အလုပ်သမား အမျိုးသမီးတစ်ဦး တို့နှင့်အတူ ကျိုင်းတုံ မြို့မဈေးရှိ ရွှေဆိုင်မှ ဆိုင်သိမ်းပြီး နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့အရောက်တွင် အခြား ယာဉ်တစ်စီး ပေါ်မှ သေနတ်ဖြင့် ၂ ချက် ပစ်ခတ်သဖြင့် ယာဉ်မောင်းသူ စိုင်းရီတစ်ဆမ် ထိမှန်ခဲ့ပြီး ထိုယာဉ်ပေါ်ပါ အမျိုးသား ၃ ဦးက သေနတ်ဒဏ်ရာရရှိထားသည့် စိုင်းရီတစ်ဆမ်နှင့် ဒေါ်နန်းလာ တို့အား ယာဉ်ပေါ်မှ ဆွဲချကာ ယာဉ်အား မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 အေးသာယာတွင် ဖုန်းဆိုင်ဖောက်ထွင်းခိုးယူခဲ့သည့် လူငယ် ၃ ဦးကို ဖမ်းမိ

.

တောင်ကြီး၊ မေ ၁၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ဖုန်းဆိုင်ဖောက်ထွင်းခိုးယူခဲ့သူ ၃ ဦးကို ယမန်နေ့ မေလ ၁၂ ရက်၊ ညပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့မှာ အသက်မပြည့်သေးသည့် ကလေးသူငယ်များ ဖြစ်ကြောင်း သိရသည်။

.

.

အေးသာယာမြို့၊ အေးသီရိဈေးအနီး ဖွင့်လှစ်ထားသော ဖုန်းဆိုင်တစ်ဆိုင် အပါအဝင် ဖုန်းဆိုင် ၂ ဆိုင်တွင် မေလ ၁၁ ရက် ညပိုင်းက ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖုန်းဆိုင် ၂ ဆိုင်မှ ကွန်ပျူတာ ၁ လုံးနှင့် iPhone ၄ လုံး ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

Tuesday, May 12, 2026

🌸 တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းတွင် သစ်ပင်လဲကျမှု ဖြစ်ပွား

.

တောင်ကြီး၊ မေ ၁၂

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ ကြက်ခြေနီရုံး အနီးတွင် ယနေ့ မေလ ၁၂ ရက်၊ နံနက် ၁၀ နာရီခန့်က သစ်ပင်လဲကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ သစ်ပင် လဲကျမှုကြောင့် ယာဉ်သွားလာမှု မပိတ်ဆို့စေရေးအတွက် တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

Monday, May 11, 2026

🌸 အေးသာယာတွင် ဖုန်းဆိုင် နှစ်ဆိုင် ဖောက်ထွင်းခိုးယူခံရ

.

တောင်ကြီး၊ မေ ၁၂

.

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ယမန်နေ့ မေလ ၁၁ ရက်၊ ညပိုင်းက ဖုန်းဆိုင် ၂ ဆိုင် ဖောက်ထွင်း ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

“မနေ့ညက ၁၁ နာရီခွဲလောက်မှာ ကောင်လေး ၂ ယောက် လာတယ်လို့ ဆိုင်ခန်းပိုင်ရှင်က ပြောပါတယ်။ ပုံမှန် ဆိုရင်လည်း ကျွန်တော်တို့က တောင်ကြီးက ပြန်ရောက်ပြီး ည ၉ နာရီ၊ ၁၀ နာရီ လောက်မှ အားသွင်း ကြိုးတွေ ဝင်ယူတာမျိုးရှိတတ်တော့ ကျွန်တော်တို့ပဲထင်ပြီး မပြောလိုက်တာတဲ့။ ဖုန်း ၄ လုံး ပါသွားပါတယ်။ ခိုးတဲ့ ကောင်လေးတွေက အသက် ငယ်ငယ်လေးတွေ၊ ပုံမှန်ဆိုရင် ကားကွင်းနားမှာ ပိုက်ဆံ လိုက်တောင်း နေတဲ့သူတွေလို့ သိရပါတယ်။ အမှုတော့ မဖွင့်ရသေးပါဘူး” ဟု ဖောက်ထွင်းခိုးယူခံရသည့် ဖုန်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

🌸 ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရာ၌ ပါဝင်ခြင်းမရှိဟု ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရှင်းလင်း ပြောကြား

.

တောင်ကြီး၊ မေ ၁၂

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရာ၌ ပါဝင်ခြင်းမရှိကြောင်း မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စဝ်သာဦးက ပြန်လည် ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရသည်။

.

.

ညောင်ရွှေမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့များအား စွမ်းရည်မြင့် မွမ်းမံ သင်တန်းဖွင့်ပွဲတွင် အခမ်းအနား တက်ရောက်ခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

🌸 လူသတ်မှု ဖြစ်ပွားခဲ့သည့် Peter ဘားဆိုင်ကို ယာယီချိတ်ပိတ်ထား

.

တောင်ကြီး၊ မေ ၁၁

.

လူသတ်မှု ဖြစ်ပွားခဲ့သည့် တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Peter ဘားဆိုင်ကို ယနေ့ မေလ ၁၁ ရက်၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့မရဲစခန်းက ယာယီ လာရောက် ချိတ်ပိတ် ထားသည်ဟု သိရသည်။

.

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ချိတ်ပိတ်တာမဟုတ်ဘူး၊ ယာယီပိတ်တာပါ” ဟု ပြောသည်။

Sunday, May 10, 2026

🌸 တောင်ကြီးတွင် နွေရာသီ အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

.

တောင်ကြီး၊ မေ ၁၁

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနတွင် ယနေ့ မေလ ၁၁ ရက်၊ နံနက်ပိုင်းက နွေရာသီ အခြေခံ အင်္ဂလိပ်စာ နှင့် အင်္ဂလိပ်စာ သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

.

.

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက လူငယ်ဟူသည်မှာ အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်သည့် အတွက် လူငယ်များ၏ အတွေးအခေါ်၊ အတွေ့အကြံ၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စများ ထူးချွန် ထက်မြက်နေရမည် ဖြစ်သလို ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့် ဗလငါးတန်နှင့်လည်း ပြည့်စုံနေရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြည့်စုံနေစေရန် လူငယ်များအတွက် အခွင့်အလမ်းနှင့် လူငယ်စွမ်းရည်များ ဖွံ့ဖြိးတိုးတက်အောင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးရမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

🌸 အေးသာယာရှိ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် မုန့်လုပ်နည်းသင်တန်း ဖွင့်လှစ်မည်

.

တောင်ကြီး၊ မေ ၁၀

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းကို မေလ ၂၆ ရက်မှ ဇွန်လ ၄ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ အဆိုပါ သင်တန်း ကျောင်းတွင် သက်မွေးပညာသင်တန်းများကို လစဉ် အလှည့်ကျ ဖွင့်လှစ်သင်ကြား ပို့ချပေးနေခြင်း ဖြစ်ပြီး ဆိုင်ကယ်စက်ပြင်သင်တန်း၊ အခြေခံလူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း၊ ကွန်ပျူတာသင်တန်း စသည်တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

🌸 တာချီလိတ်တွင် အမေများနေ့အကြို အမေ့မေတ္တာဘွဲ့တေးသီးချင်း ဖျော်ဖြေပွဲ ပြုလုပ်

.

တာချီလိတ်၊ မေ ၁၀

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၂) ရှိ တာ့ဟွာ တရုတ်ဘုံကျောင်း တွင် ယမန်နေ့ မေလ ၉ ရက်၊ ညပိုင်းက အမေများနေ့ အကြို အဖြစ် အမေ့မေတ္တာဘွဲ့ တေးသီချင်းများဖြင့် ဖျော်ဖြေပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

သားသမီးများအနေဖြင့် မိခင်များအပေါ် လေးစားတန်ဖိုးထားမှု ပိုမိုရှိလာ စေပြီး ကျေးဇူးဆပ်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ လူမှုအသိုင်းအဝိုင်းအတွင်း မိသားစုတန်ဖိုးများကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် မိခင်များ၏ အခန်းကဏ္ဍကို အများပြည်သူ သိမြင်လာစေရန်ရည်ရွယ်၍ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Saturday, May 9, 2026

🌸 စိုက်ပျိုးရေးစရိတ် ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးသွားမည်

.

တောင်ကြီး၊ မေ ၁၀

.

တောင်သူများ၏ လယ်ယာကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးရေးစရိတ် ချေးငွေများကို တိုးမြှင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

.

.

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီချေးငွေ ကာလမှစတင်၍ စိုက်ပျိုးစရိတ် ချေးငွေများ တိုးမြှင့် ထုတ်ချေး ပေးသွားမည် ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာ ချေးငွေများကိုလည်း တိုးမြှင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

🌸 ပီတာဘားဆိုင်ပိုင်ရှင်ကို လူသတ်မှုအပြင် အခြားဥပဒေများဖြင့် အမှုထပ်ဖွင့်ထား

.

တောင်ကြီး၊ မေ ၉

.

အသက်မပြည့်သေးသည့် ဝန်ထမ်းမိန်းကလေးငယ်တစ်ဦးအား သေဆုံးသည်အထိ ရိုက်နှက်ညှဉ်းပန်း နှိပ်စက် ခဲ့သည့် တောင်ကြီးမြို့ရှိ Peter ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာကို လူသတ်မှုအပြင် ကလေးသူငယ် အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ယစ်မျိုးဥပဒေများဖြင့် ထပ်မံအမှုဖွင့် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

ကလေးသူငယ်ဥပဒေပုဒ်မ ၁၀၀ (က)၊ ၁၀၁ (ခ) ရယ် ယစ်မျိုးဥပဒေပုဒ်မ ၇၄ (ဃ) ထပ်ဖွင့်ထားပါတယ်။ ယစ်မျိုးကတော့ သတ်မှတ်စည်းကမ်းနဲ့ မညီတဲ့အတွက်ပါ။ လူသတ်မှုကတော့ သပ်သပ် ဖွင့်ထားပါတယ်။ အမှု ပေါင်းစပ်ပြီးရင် အထက်ကို တင်ပြပြီး သတင်းထုတ်ပြန်ဖို့ လုပ်ပါမယ်” ဟု တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နေဝင်းက ပြောဆိုထားသည်။

🌸 တာချီလိတ်မြို့ ရေကြီးရေလျှံမှုကာကွယ်ရေးအတွက် ရေမြောင်းများအတွင်းရှိ ရွှံ့နွံများ စုပေါင်းဆယ်ယူ

.

တာချီလိတ်၊ မေ ၉

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ မေလ ၉ ရက်၊ နံနက်ပိုင်းက ရေမြောင်းများ၊ ရေချောင်းများအွင်းရှိ အမှိုက်သရိုက်များ၊ ရွှံ့နွံများကို စက်ယန္တရားများ၊ လူအင်အားတို့ဖြင့် စုပေါင်းဆယ်ယူ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ ရေချောင်းနှင့် ရေမြောင်းများအတွင်း အမှိုက်သရိုက်များ၊ ရွှံ့နွံ့များကို ဦးစားပေး အဆင့်အလိုက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့မေလ ၉ ရက်၊ နံနက်ပိုင်းတွင် ဆန်ဆိုင်း(က)ရပ်ကွက်၊ ၁၂ လမ်း၊ ချောင်းအတွင်း အမှိုက်သရိုက်များ၊ ဒိုက်ဖတ်များ၊ ရွှံ့နုံးသဲများ ရှင်းလင်းခြင်းလုပ်ငန်းကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စည်ပင်သာယာရေးဌာနဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်၍ လူအင်အား၊ စက်ယန္တရားများဖြင့် စုပေါင်းဆယ်ယူ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 လူငယ်ရေးရာကော်မတီ ဗဟိုနှင့် ပြည်နယ် ပူးပေါင်း၍ လူငယ်တွေ့ဆုံပွဲ ပြုလုပ်

.

တောင်ကြီး၊ မေ ၉

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ မေလ ၉ ရက်၊ နံနက်ပိုင်းက မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

‌တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက အခမ်းအနားသို့ တက်ရောက်လာသည့်လူငယ်များအား လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က အမှာစကား ပြောကြားခဲ့သည်။

🌸 နမ့်စန်မြို့နယ်တွင် လူနာတင်ယာဉ် တိမ်းမှောက်ပြီး တစ်ဦးသေဆုံး

.

နမ့်စန်၊ မေ ၉

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာအုပ်စု၊ တံတားဖြူအနီးတွင် ယမန်နေ့ မေလ ၈ ရက်၊ ညပိုင်းက လူနာတင်ယာဉ် တိမ်းမှောက်၍ အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

လင်းခေးမြို့ရှိ ပရဟိတအသင်းတစ်ခု၏ လူနာတင်ယာဉ်သည် မေလ ၈ ရက်၊ ညပိုင်းက လူနာအမျိုးသားနှင့် လူနာစောင့် အမျိုးသမီးတစ်ဦးအား တင်ဆောင်၍ တောင်ကြီးမြို့သို့ မောင်းနှင်လာစဉ် နမ့်စန်-မိုးနဲသွားလမ်း၊ မိုင်တိုင်အမှတ် (၁၆/၀)နှင့် (၁၆/၁)အကြား၊ တံတားဖြူအနီး အရောက်တွင် မော်တော်ယာဉ် လက်ကိုင်ဂွေ တိုက်ရော့ပြုတ်ကာ လမ်းဘေး လျှိုအတွင်းသို့ ထိုးကျတိမ်းမှောက်ခြင်း ဖြစ်ကြောင်း သိရသည်။