.
တောင်ကြီး၊ ဇန်နဝါရီ ၂၇
.
မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ နီပါးရ်ဗိုင်းရပ်စ်
ကူးစက်ဖြစ်ပွားမှုကို မတွေ့ရှိရသေးသော်လည်း ရောဂါပိုး မူလလက်ခံကောင်ဖြစ် လင်းနို့မျိုးစိတ်များ
တည်ရှိရာဒေသဖြစ်သည့်အပြင် ကူစက်မှုဖြစ်ပွားသည့် ဒေသတွင်း နိုင်ငံများနှင့် နယ်နိမိတ်ချင်း
ထိစပ်နေသည့်အတွက် နီပါးရ်ဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း ကို အထူးအလေးထား
ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
.
.နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများကြောင့်
ဖြစ်ပွားတတ်သော လတ်တလော ဦးနှောက်ရောင် ရောဂါလက္ခဏာစု စောင့်ကြပ်ကြည့်ရှုခြင်းနှင့်
ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြည့်ခြင်းလုပ်ငန်းများကို ဆေးရုံ၊
ဆေးခန်း၊ ကျန်းမာရေးဌာနများတွင် ပုံမှန်ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
သံသယလူနာများကို ရောဂါကူးစက်ဖြစ်ပွားမှုရှိမရှိ ဓါတ်ခွဲစစ်ဆေးသိရှိနိုင်ရန်
အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာနတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီး
နီပါးရ်ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်သည့် ဆေးဝါး မရှိသေးသော်လည်း ဝေဒနာသက်သာစေမည့်
ရောဂါကုထုံးများဖြင့် ကုသပေးနိုင်ရေး လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများကို
ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။
.
လတ်တလော နီပါးရ်ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေသည့်
အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကဲ့သို့သော ဒေသများမှ ပြန်လာပြီး သံသယရောဂါဖြစ်သည့်
ပြင်းထန်စွာဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူခက်ခဲခြင်း၊
အိပ်ငိုက်ခြင်းတို့ ခံစားရပါက လေဆိပ်ကျန်းမာရေးဌာန သို့မဟုတ် နယ်စပ်ဝင်ထွက်ပေါက်ရှိ
တာဝန်ကျ ကျန်းမာရေးဌာနများထံတွင် သတင်းပေးပို့ရန် ကြေညာထားသည်။
.
ထို့အပြင် မိသားစုအတွင်း ရောဂါဖြစ်ပွားရာနိင်ငံမှ
ပြန်လည်ရောက်ရှိလာပြီး ရောဂါလက္ခဏာ တွေ့ရှိလျှင် ဖြစ်စေ၊ နေထိုင်ရာ ပတ်ဝန်းကျင်တွင်
ဝက်/လင်းနို့ကဲ့သို့ တိရစ္ဆာန်များ ထူးထူးခြားခြား သေဆုံးမှုမျိုး တွေ့ရှိလျှင်ဖြစ်စေ
နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ချက် အသိပေးအကြောင်းကြားရမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက
ထုတ်ပြန်ထားသည်။
.
#ShanGazette #NipahVirus
.

No comments:
Post a Comment