Monday, January 26, 2026

🌸 တောင်ကြီးမြို့၊ မြကန်သာပန်းခြံအတွင်း ဆိုင်ကယ်ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားနေ

.

တောင်ကြီး၊ ဇန်နဝါရီ ၂၆

.

တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် မြကန်သာပန်းခြံတွင် အပန်းပြေလာရောက် လည်ပတ် သူများ၏ မော်တော်ဆိုင်ကယ်များ ခိုးယူခံရမှု မကြာခနဖြစ်ပွားနေကြောင်း သိရသည်။

.


.

မော်တော်ဆိုင်ကယ် ခိုးယူသူများသည် ပန်းခြံအတွင်းရှိ ဆိုင်ကယ်အပ်နှံသည့်နေရာတွင် အခကြေးငွေပေး၍ အပ်နှံထားသည့် ဆိုင်ကယ်များကိုပါ ခိုးယူနေခြင်းဖြစ် ကြောင်းသိရသည်။

.

“ဆိုင်ကယ်ခိုးတဲ့လူတွေက ပိုက်ဆံပေးပြီးအပ်ထားတဲ့နေရာက ဆိုင်ကယ်တွေကိုပါ ခိုးနေကြတာပါ။ ဆိုင်ကယ်တွေက ဇက်သော့ခတ်ရုံနဲ့ မရတော့ပါဘူး။ ဘီးမှာ တွဲခတ်တဲ့ကြိုးသော့ပါ တွဲပြီးခတ်မှ ရပါတယ်။ ဒါတောင် သိပ်စိတ်မချရပါဘူး” ဟု တောင်ကြီးဒေသခံတစ်ဦးက ရှမ်းဂေဇက်မီဒီယာသို့ ပြောသည်။

.

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က မြကန်သာပန်းခြံ ဆိုင်ကယ်အပ်နှံသည့်နေရာတွင် ငွေကြေးပေး အပ်နှံထားသည့် အမျိုးသမီးငယ်တစ်ဦး၏ ထိုင်းနိင်ငံထုတ် ဆိုင်ကယ်တစ်စီး ခိုးယူခံရမှုဖြစ်ပွားခဲ့သေးကြာင်း သိရသည်။

.

ထို့အပြင် ယင်းနေ့တွင်ပင် တောင်ကြီးမြို့၊ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ရပ်နားထားသည့် ကျောင်းသူတစ်ဦး၏ Click ဆိုင်ကယ်တစ်စီး ခိုးယူခံရမှုဖြစ်ပွားခဲ့သည်။

.

ဇန်နဝါရီလ အစောပိုင်းကလည်း တောင်ကြီးမြို့၊ ဆုတောင်းပြည့်အောင်တော်မူကျောင်းတိုက် ဝင်းအတွင်း ဇက်သော့နှင့် ကြိုးသော့ တွဲခတ်ထားသည့် ဆိုင်ကယ်ကို ခိုးယူသူများက တရွတ်တိုက်ဆွဲယူလာစဉ် ရပ်ကွက်နေပြည်သူများက တွေ့ရှိ၍ ခိုးယူသူများ ထွက်ပြေးကာ ဆိုင်ကယ်ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

.

#ShanGazette #Taunggyi

.

 

No comments:

Post a Comment