Monday, January 26, 2026

🌸 တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်မှ ပျောက်ဆုံးနေသောကလေးငယ် ပြန်တွေ့

.

တောင်ကြီး၊ ဇန်နဝါရီ ၂၆

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဝါးပြားနယ်မြေ၊ စမ်းရေတွင်းလမ်းအတွင်းမှ ပျောက်ဆုံးနေသည့် အသက် ၁၀ နှစ်အရွယ်ခန့် ကလေးငယ်ကို ယနေ့ ဇန်နဝါရီလ ၂၆ ရက်၊ ညနေပိုင်းတွင် ပြန်တွေ့ပြီ ဖြစ်ကြောင်း သိရသည်။

.

.

အဆိုပါ ကလေးငယ်ကို တစ်ရပ်ကွက်တည်းနေ သူငယ်ချင်း ကလေးငယ်တစ်ဦးက ကံကြီးရပ်ကွက် ဘက်သို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ၎င်းကို ယင်းနေရာတွင် ချန်ထားရစ်ခဲ့ကာ ယနေ့တွင်မှ နေအိမ်သို့ တိတ်တဆိတ် ပြန်လည် ပို့ဆောင်ထားပေးခြင်းဖြစ်ကြောင်း သိရသည်။

.

“ဒီနေ့ညနေ ၆ နာရီကျော်လောက်မှာ အိမ်ရဲ့ စတိုခန်းထဲမှာပဲ ပြန်တွေ့ပါတယ်။ သူ့သူငယ်ချင်းက ကံကြီးကို သွားလည်မယ်ဆိုပြီး ခေါ်သွားတာပါ။ ပြီးတော့ သူ့ကိုချန်ခဲ့ပြီး ပြန်သွားတာလို့ ပြောပါတယ်။ ဒီနေ့ နေ့လယ်မှ အဲဒီသူငယ်ချင်းက ပြန်သွားခေါ်ပြီး အိမ်ကို ပြန်လာပို့ထားတဲ့ သဘောပါ” ဟု ဖြစ်စဉ်ကို သိရှိသူ ကျောင်းကြီးစု ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ရှမ်းဂေဇက်မီဒီယာသို့ ပြောသည်။

.

အဆိုပါ ကလေးငယ်သည်  ဇန်နဝါရီလ ၂၄ ရက်၊ နေ့လယ်ပိုင်းက နေအိမ်အနီးတွင် ကစားနေစဉ် ပျောက်ဆုံး သွားခြင်းဖြစ်ပြီး ကလေးငယ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မိသားစုက ယနေ့ ဇန်နဝါရီလ ၂၆ ရက်၊ နံနက် ပိုင်းတွင် တောင်ကြီးမြို့မရဲစခန်း၌ လူပျောက်မှု ဖွင့်လှစ်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အလားတူ ဇန်နဝါရီလ ၂၃ ရက်ကလည်း တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင်ပင် ၂ တန်းအရွယ် ကလေးငယ် တစ်ဦးကို ငွေကျပ် သိန်း ၃၀၀၀ ဖြင့် ပြန်ပေးဆွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ဇန်နဝါရီလ ၂၄ ရက်တွင် ရွှေညောင်မြို့အနီး၌ ကလေးငယ်နှင့်အတူ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment