.
လင်းခေး၊ မေ ၁၇
.
ထိုင်း-မြန်မာနယ်စပ်၊ လင်းခေးမြို့နယ်၊
ဟိုမိန်းမြို့တွင် တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်နိုင်ရေး အတွက်
လွှတ်တော်သို့ မေးခွန်းမေးမြန်း တင်ပြထားသည်ဟု သိရသည်။
.
.“နယ်စပ်ကုန်သွယ်ရေးဂိတ်ဖွင့်ဖို့
မေးခွန်းမေးထားပါတယ်။ လွှတ်တော်ပထမအစည်းအဝေး မပြီးခင် မတ်လ ၂၀ ရက်က စာတင်ထားတာပါ။
လာမယ့်လွှတ်တော် အစည်းအဝေးမှာ ဖြေကြားဖို့တော့ ဝန်ကြီးဌာနတွေက အကုန်လုံးတော့
အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆေဟန် က ပြောသည်။
.
ဟိုမိန်းဒေသတွင် လက်နက်နှင့် ငြိမ်းချမ်းရေး
လဲလှယ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းသော်လည်း
ဒေသဖွံ့ဖြိုးမှုမှာ အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် လွန်စွာ နောက်ကျနေ ကြောင်း
၎င်းက ပြောသည်။
.
ယမန်နှစ်က ဟိုမိန်းနယ်စပ်မှတစ်ဆင့်
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ကုန်ပမာဏတန်ဖိုး ဘတ်သန်းပေါင်း
၁၅၀၀ ခန့်ရှိပြီး တရားဝင်နယ်စပ်ဂိတ် မရှိသဖြင့် နိုင်ငံတော်အတွက် အခွန် ဘဏ္ဍာ
ရရှိမှု မရှိဘဲ စားသုံးသူများလည်း နစ်နာနေရကြောင်း သိရသည်။
.
“ရှမ်းပြည်မှာ အသုံးပြုနေတဲ့ ကုန်ပစ္စည်း
အများစုက ထိုင်းပစ္စည်းတွေပဲ။ သူတို့ပြောတာက ပေးမဝင်ဘူးလို့ ပြောတယ်။ ဒီပစ္စည်း
(ကုန်စည်) တွေက မြေလျှိုးမိုးပျံပြီးတော့ ဝင်လာတာမဟုတ်ဘူး။ လမ်းမကြီးအတိုင်းပဲ
လာတာပါ။ ဒါကြောင့် တရားဝင်ကုန်သွယ်ရေးစခန်း ဖွင့်ဖို့ အချိန်တန်ပါပြီ” ဟု
စိုင်းဆေဟန် က ဆက်လက် ပြောဆို ခဲ့သည်။
.
ထိုင်း-မြန်မာနယ်စပ် ဟိုမိန်းမြို့သည်
လင်းခေးမြို့မှ ကီလိုမီတာ ၁၅၀ ကျော်သာ ကွာဝေးပြီး နယ်စပ်ကုန် သွယ်ရေးအတွက်
အရေးပါလာနိုင်သည့် မြို့တစ်မြို့ဖြစ်ကာ လက်ရှိတွင် လင်းခေး-ဟိုမိန်း လမ်းပေါ်ရှိ
တာဆွတ်တိန်း သံလွင်မြစ်ကူးတံတားမှာ တည်ဆောက်နေဆဲဖြစ်သည်ဟု သိရသည်။
.
#ShanGazette #Homein
.

No comments:
Post a Comment