Thursday, May 14, 2026

🌸 တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် ၄ နှစ်အရွယ် ကလေးငယ်ကို မိထွေးက သတ်ဖြတ် အလောင်း ဖျောက်မှု ဖြစ်ပွား

.

တောင်ကြီး၊ မေ ၁၅

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် မေလ ၁၂ ရက်က အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မိထွေးဖြစ်သူက သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁) ကျောက်ရေအိုးလမ်းတွင် အိမ်ငှားနေထိုင်သည့် ကိုကျော်စိုးဦး ၏ ဇနီး သန္တာဝေ သည် မေလ ၁၂ ရက်၊ နေ့လယ်ပိုင်းက ခင်ပွန်းဖြစ်သူ အလုပ်သွားနေစဉ် ခင်ပွန်း၏ ယခင် ဇနီးသည် နှင့် ရရှိခဲ့သည့် အသက် ၄ နှစ်အရွယ် ကလေးငယ်အား ထမင်းကျွေးပြီး အိပ်ရန်အတွက် ချော့သိပ်ရာ ကလေး မှာ အိပ်စက်ခြင်းမပြုဘဲ အော်ဟစ်ငိုယိုနေသည့်အတွက် ဝါးခြမ်းပြားဖြင့် ၃ ချက်ခန့် ရိုက်နှက်ခဲ့ပြီး လည်ပင်း အား လက်ဖြင့်ညှစ်ခဲ့ရာ ကလေးငယ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်းသို့ ကလေးငယ် သေဆုံးသွားသည်ကို ခင်ပွန်းသည် ကျော်စိုးဦး မသိရှိစေရန်အတွက် ကလေးငယ်၏ ရုပ်အလောင်းအား အဖြူရောင် ဆာလာအိတ်အတွင်း ထည့်ပြီး နေအိမ် အိပ်ခန်းအတွင်းရှိ အဝတ်အစားများ ထည့်သည့် အညိုရောင် ပလပ် စတစ် ကော်ပုံး အတွင်းသို့ ထည့်ကာ သွားရောက်စွန့်ပစ် ဖျောက်ဖျက်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ကလေးငယ်အား တွေ့မြင်ခြင်းမရှိ၍ အိမ်ရှင်ဖြစ်သူက မေးမြန်းရာ သန္တာဝေမှာ ကလေးငယ်အား မည်သည့်နေရာတွင် ရှိနေကြောင်း အတိအကျ ပြောဆိုနိုင်ခြင်း မရှိသဖြင့် အိမ်ရှင်မှ ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြောပြာရာ ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ကျော်စိုးဦး နှင့် သန္တာဝေတို့ ၂ ဦးအား ရပ်ကွက်ရုံးသို့ ခေါ်ယူမေးမြန်းရာမှ လူသတ်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ကလေးကို မိထွေးကနေ ဆိုဆုံးမရာကနေ လက်လွန်သွားတာပေါ့။ ၄ နှစ် ကလေးပါ။ မွေးစားအမေက ကလေးပျောက်လို့ ရုံးလာတိုင်တဲ့အချိန်မှာ သူတို့ကို ခေါ်ယူစစ်ဆေးတော့ မိထွေးဖြစ်သူက လက်လွန် ပြီးတော့ ဆာလာအိတ် ထဲထည့်ပြီး ပုံးထဲထည့်ထားတာကို စစ်ဆေးတွေ့ရှိရတာပါ။ ညတွင်းချင်း ရဲလက် အပ်ပေးလိုက်ပါတယ်” ဟု ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ပြောဆိုထားသည်။

.

အဆိုပါ ကလေးငယ် သေဆုံးမှုနှင့် ပတ်သက်၍ ကလေးငယ်၏ မွေးစားမိခင်ဖြစ်သူ အိမ်ရှင်အမျိုးသမီး က ကလေးငယ်အား သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ရန် စီစဉ်ခဲ့သူ သန္တာဝေအား ဥပဒေအရ အရေးယူ ပေးရန် တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းသဖြင့် တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ  ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ပီတာဘားဆိုင်တွင်လည်း ပြီးခဲ့သည့် မေလ ၄ ရက်၊ ညပိုင်းက ဆိုင်ရှင်ဖြစ်သူမှ အသက် ၁၇ နှစ်အရွယ် ဆိုင်ဝန်ထမ်း မိန်းကလေးငယ်အား ရိုက်နှက် ညှဉ်းပန်းနှိပ်စက်သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ကျူးလွန်သူကို စစ်ဆေးလျက် ရှိကြောင်း သိရသည်။

.

#ShanGazette #Taunggyi #Crime

.

No comments:

Post a Comment