.
တောင်ကြီး၊ မေ ၁၀
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင်
မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းကို မေလ ၂၆ ရက်မှ ဇွန်လ ၄ ရက်အထိ
ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.တိုင်းရင်းသားအခွင့်အရေးများ
ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ အဆိုပါ သင်တန်း ကျောင်းတွင်
သက်မွေးပညာသင်တန်းများကို လစဉ် အလှည့်ကျ ဖွင့်လှစ်သင်ကြား ပို့ချပေးနေခြင်း
ဖြစ်ပြီး ဆိုင်ကယ်စက်ပြင်သင်တန်း၊ အခြေခံလူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း၊
ကွန်ပျူတာသင်တန်း စသည်တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
.
“ရပ်နီး၊ ရပ်ဝေးက ကလေးတွေ အားလုံး
လျှောက်လို့ရပါတယ်။ နေစရိတ်၊ စားစရိတ်၊ သင်တန်းကြေး၊ သင်တန်းအထောက်အကူပစ္စည်း
အားလုံးအခမဲ့ပါ။ သင်တန်းတစ်ခုမှာ နေရာဒေသ အစုံက သင်တန်းသား၊ သင်တန်းသူတွေ ပါပါတယ်။
မတက်ရသေးတဲ့ ကလေးတွေကို ဦးစားပေးပြီး ခေါ်ပါတယ်” ဟု တိုင်းရင်းသား အခွင့်အရေးများ
ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ မုန့်လုပ်နည်း သင်တန်းတွင် သင်တန်းသား/သူ
၂၀ ဦး လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး အသက်အရွယ်အနေဖြင့် အသက် ၁၆ နှစ်မှ ၄၅
နှစ်အတွင်း ရှိသူများကို ဦးစားပေး ခေါ်ယူကာ ပြန်လည် အသုံးချမည့် ရည်ရွယ်ချက်ပေါ်
မူတည်၍ အသက်ကန့်သတ်ချက်ကို ဖြေလျှော့စဉ်းစားပေးကြောင်း ၎င်းက
ရှင်းလင်းပြောဆိုခဲ့သည်။
.
“တိုင်းရင်းသားတွေ
အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ ဖွင့်ပေးတာဖြစ်တဲ့အတွက် ပညာအရည်အချင်း
ကန့်သတ်ချက်တော့ မရှိပါဘူး။ မြန်မာစာ ရေးတတ်၊ ဖတ်တတ်ရင် ရပါပြီ” ဟု ၎င်းက ဆက်လက်
ပြောဆိုခဲ့သည်။
.
“ရှမ်းပြည်နယ်အစိုးရရဲ့ သက်မွေးပညာသင်တန်းက
လုပ်တာပါ။ အဲဒီမှာ လတိုင်းလိုလို သင်တန်းတွေ ရှိပါတယ်။ ကျွန်မတို့
တိုင်းရင်းသားစာပေ ယဉ်ကျေးမှုနဲ့ ဒေသဖွံ့ဖြိုးရေးအသင်းတွေကလည်း တစ်ဆင့် ကြော်ငြာ
ပေးတာပါ။ အကုန်လုံး အခမဲ့ပါ။ နေမကောင်း၊ မကျန်းမာရင်လည်း ကျန်းမာရေးစောင့်ရှောက်မှု
လည်း ပေးပါတယ်” ဟု အင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ
ဒေါ်သန္တာစိုးကလည်း ပြောသည်။
.
သင်တန်း တက်ရောက်လိုသူများအနေဖြင့်
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနသို့ ဆက်သွယ်စုံစမ်း
မေးမြန်းနိုင်ပြီး တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ်
တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသို့လည်း လူကိုယ်တိုင် လာရောက်လျှောက်ထား
နိုင်ကြောင်း သိရသည်။
.
#ShanGazette #Ethnic #AyeTharYar
.

No comments:
Post a Comment