.
တောင်ကြီး၊ မေ ၆
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
အေးသာယာမြို့တွင် အမျိုးသားတစ်ဦးအား သေဆုံးသည်အထိ ရိုက်နှက်ခဲ့သူ ၂ ဦးကို ယနေ့ မေလ
၆ ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.အေးသာယာမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ခြံဝိုင်းတစ်ခုအတွင်း
ယနေ့ မေလ ၆ ရက်၊ နံနက်ပိုင်းက အမျိုးသားတစ်ဦးအား နောက်စေ့ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊
မျက်နှာပြင် ဖူးရောင်ဒဏ်ရာ၊ နှုတ်ခမ်းကွဲအက် ဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ စိုးရိမ်ရ
တို့ဖြင့် သတိလစ် မေ့မျောနေသည်ကို တွေ့ရှိခဲ့ပြီး တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေစဉ်
သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသားအား ရိုက်နှက်ခဲ့သူများကို ယနေ့
မေလ ၆ ရက်၊ ညနေပိုင်းက ရွှေညောင်နှင့် အေးသာယာ မြို့အစပ်ရှိ ဘုရားဖြူဘုန်းကြီးကျောင်းအနီးတွင်
ဖမ်းဆီးရမိခဲ့ကြောင်း အေးသာယာနယ်မြေရဲစခန်းမှ သိရသည်။
.
ကျူးလွန်သူများမှာ ရန်ပိုင်နှင့်
နှင်းနှင်းဝေတို့ ဖြစ်ပြီး ၎င်းတို့ ၂ ဦးနှင့်အတူ သေဆုံးသူ ဝင်းဌေး ဆိုသူတို့ ၃
ဦးသည် ယမန်နေ့ မေလ ၅ ရက်၊ ည ၁၁ နာရီခန့်က အခင်းဖြစ်နေရာတွင် အရက်အတူသောက်နေစဉ်
သေဆုံးသူမှ မိန်းကလေးအား မဖွယ်မရာ ကြံစည်သည့်အတွက် ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်း
ဖြစ်သည်ဟု တရားခံများက ထွက်ဆိုထားကြောင်း သိရသည်။
.
အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍
ကျူးလွန်သူ ရန်ပိုင်နှင့် နှင်းနှင်းဝေတို့ ၂ ဦးအား အေးသာယာနယ်မြေရဲစခန်းတွင်
ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #AyeTharYar #Crime
.

No comments:
Post a Comment