Thursday, May 21, 2026

🌸 သီပေါမြို့နယ်၏ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကိစ္စများကို မေးခွန်းမေးမြန်း ဆွေးနွေးရန် ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြော

.

တောင်ကြီး၊ မေ ၂၁

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ဒေသ၏ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသတည်ငြိမ် အေးချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းမေးမြန်း ဆွေးနွေးတင်ပြသွားရန် ရှိနေသည်ဟု သီပေါမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံ ထံက သိရသည်။

.

.

“မကြာခင် မိုးတွင်းကာလ ရောက်တော့မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကွင်းဆင်းကြည့်တဲ့အခါမှာ တချို့ သောဒေသတွေက ပြည်ထောင်စုလမ်းမကြီးနဲ့ နီးပေမဲ့ သွားရေးလာရေး ခက်ခဲနေတာရှိတယ်။ လမ်းပိုင်း မကောင်းတဲ့အတွက် ဒေသဖွံ့ဖြိုးရေးတွေနောက်ကျတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းတွေမှာ သွားပြီးတော့ သက်ရောက်မှုရှိပါတယ်။ ဒီလမ်းပိုင်းတွေကို အဆင့်မြှင့်တင်ပေးနိုင်ရန် ရှိ/မရှိ မေးခွန်းမေးဖို့ ရှိပါတယ်။ နောက်ပြီးတော့ ဒေသရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းပါ။ ဒါတွေကို လွှတ်တော်မှာ မေးခွန်း မေးမြန်း ဆွေးနွေးဖို့ ရှိပါတယ်” ဟု စိုင်းကောင်းသက်စံက ပြောသည်။

.

ထို့အပြင် သီပေါမြို့နယ်အတွင်း လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ရရှိရေးတို့အတွက် ကျင်းပပြီးစီးခဲ့သည့် တတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ၎င်းအနေဖြင့် ကြယ်ပွင့်ပြမေးခွန်း ၄ ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း ၂ ခု မေးမြန်းခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်ဖြေကြားကာ ဆောင်ရွက် မှုများ ရှိနေကြောင်း ၎င်းထံက သိရသည်။

.

ယင်းသို့ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းထားမှုအပေါ် ဝန်ကြီးဌာနမှလည်း အားစိုက် ဆောင်ရွက်ပေးနေပြီး သီပေါတွင် လျှပ်စစ်မီး ပြန်လည်ရရှိတော့မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံ က ပြောသည်။

.

“တချို့ကိစ္စတွေဆိုရင် လွှတ်တော်မှာ မေးခွန်း မမေးတော့ဘဲနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ပေါင်းစပ် ပြီးတော့ပဲ လုပ်လိုက်ပါတယ်။ အရေးကြီးမှပဲ လွှတ်တော်မှာ တင်ပါတယ်။ အဓိက ကတော့ လူထု (လိုအပ်ချက်) ရဖို့ပါ။ လွှတ်တော်မှာ မေးခွန်းတင်နေရင်လည်း မပြီးဘူး၊ တချို့ကျတော့ အောက်ခြေမှာပဲ ပြီးသွားတာလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။

.

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံသည် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP-ကျားဖြူပါတီ) ကိုယ်စားပြုအဖြစ် သီပေါမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသဖြစ်ပြီး ရှမ်းမြောက်ဒေသတွင် ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၎င်း တစ်ဦးသာရှိကြောင်း သိရသည်။

.

#ShanGazette #HsiPaw #Hluttaw

.

No comments:

Post a Comment