.
တောင်ကြီး၊ မေ ၉
.
အသက်မပြည့်သေးသည့် ဝန်ထမ်းမိန်းကလေးငယ်တစ်ဦးအား
သေဆုံးသည်အထိ ရိုက်နှက်ညှဉ်းပန်း နှိပ်စက် ခဲ့သည့် တောင်ကြီးမြို့ရှိ Peter
ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာကို လူသတ်မှုအပြင်
ကလေးသူငယ် အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ယစ်မျိုးဥပဒေများဖြင့်
ထပ်မံအမှုဖွင့် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
.
.“ကလေးသူငယ်ဥပဒေပုဒ်မ ၁၀၀ (က)၊ ၁၀၁ (ခ) ရယ်
ယစ်မျိုးဥပဒေပုဒ်မ ၇၄ (ဃ) ထပ်ဖွင့်ထားပါတယ်။ ယစ်မျိုးကတော့ သတ်မှတ်စည်းကမ်းနဲ့
မညီတဲ့အတွက်ပါ။ လူသတ်မှုကတော့ သပ်သပ် ဖွင့်ထားပါတယ်။ အမှု ပေါင်းစပ်ပြီးရင်
အထက်ကို တင်ပြပြီး သတင်းထုတ်ပြန်ဖို့ လုပ်ပါမယ်” ဟု တောင်ကြီးမြို့နယ်
ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နေဝင်းက ပြောဆိုထားသည်။
.
တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊
ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Peter ဘားဆိုင်ပိုင်ရှင်
အောင်မျိုးသူ (ခ) ပီတာ သည် မေလ ၄ ရက်၊ ညပိုင်းက သေဆုံးသူ အမျိုးသမီးငယ် အား
စားသောက်ဆိုင်အတွင်း လာရောက်စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုးပေးအပ်ခဲ့သည်ကို
၎င်းအား ပြောပြမှုမရှိခြင်းကြောင့် ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက်
ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာ ရရှိဒဏ်ရာများဖြင့်
သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ကျူးလွန်သူ အောင်မျိုးသူ (ခ) ပီတာသည်
ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး မေလ ၆ ရက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းပျဉ်းမြို့နယ်၊ တုံတာနယ်မြေရဲစခန်း၌ သွားရောက် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။
.
သေဆုံးသူ မိန်းကလေးသည် ညောင်ရွှေမြို့နယ်၊
မင်းချောင်းလယ်ကျေးရွာမှ ယင်းဘားဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆
နှစ်အရွယ် ဆိုင်ဝန်ထမ်းဖြစ်ပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ကျူးလွန်သူအား
ထိထိရောက်ရောက် အရေးယူပေးရန် ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။
.
#ShanGazette #Taunggyi #Crime
.

No comments:
Post a Comment