Tuesday, December 23, 2025

🌸 တောင်ကြီးအရှေ့ဘက်တောင်ပေါ်တွင် ချယ်ရီပန်းမခူးရ ဗီနိုင်းများ ချိတ်ဆွဲ

.

တောင်ကြီး၊ ဒီဇင်ဘာ ၂၃

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၏ အရှေ့ဘက် တောင်တန်းပေါ်ရှိ ချယ်ရီပန်းပင်များတွင် “ချယ်ရီပန်း မခူးရ” သတိပေးဆိုင်းဘုတ် ဗီနိုင်းများကို ကပ်ထားခဲ့သည်ဟု သိရသည်။

.


.

Cherry Campaing အတွက် ဗီနိုင်းအချပ်ရေ ၃၀ အဖြစ် မြစိမ်းတောင်တကြောနှင့် စူဠာမုနိစေတီတော် အနီးရှိ ချယ်ရီပန်းပင်များတွင် ချယ်ရီပန်းမခူးရန် မေတ္တာရပ်ခံစာများကို တောင်ကြီးဒေသခံ ချယ်ရီချစ်သူ များက လိုက်လံကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

.

ရွာငံ၊ ဒီဇင်ဘာ ၂၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းက ငွေကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၂  ရက်၊ နံနက် ၉ နာရီခန့်က ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် သန်းစိုးဝင်း မောင်းနှင်လာသည့် HYUNDAI PORTER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၀၀၀အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Sunday, December 21, 2025

🌸 လားရှိုးမြို့ပေါ် နေရာအချို့တွင် ပေါက်ကွဲမှုဖြစ်ပွား

.

လားရှိုး၊ ဒီဇင်ဘာ ၂၂

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ နေရာအချို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်၊ ညနေပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

လားရှိုးမြို့၊ ရပ်ကွက် (၅) နှင့် ရပ်ကွက် (၂) တို့တွင် ယမန်နေ့ညနေ ၅ နာရီခန့်က ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ နံနက်ပိုင်းကလည်း လားရှိုးမြို့၊ မန်ဆူဘုရားအနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

🌸 ကလောတွင် ပထမအကြိမ် ပန်းပွဲတော် ကျင်းပမည်

.

ကလော၊ ဒီဇင်ဘာ ၂၂

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ပန်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

အဆိုပါ ပန်းပွဲတော်ကို ကလောမြို့၊ မောမြေဦးပန်းခြံတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်ကြောင်း သိရသည်။

Friday, December 19, 2025

🌸 မူဆယ်တွင် ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိ

.

မူဆယ်၊ ဒီဇင်ဘာ ၂၀

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းက တန်ဖိုးငွေကျပ် ၂၂၃ ခန့် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၉  ရက်၊ နံနက် ၁၀၅၀ အချိန်ခန့်က သက်သေများနှင့်အတူ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်နေ ထွန်းထွန်းနိုင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၃၇၀ ဂရမ်၊ ဒေသကာလတန်ဖိုး ငွေကျပ် ၅၅.၅ သိန်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၇၅၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ် ၁၆၇.၅ သိန်း အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Thursday, December 18, 2025

🌸 ကျိုင်းတုံတွင် အိမ်စီးကားတစ်စီး မီးလောင်

.

ကျိုင်းတုံ၊ ဒီဇင်ဘာ ၁၈

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယနေ့ ဒီဇင်ဘာလ ၁၈ ရက်၊ နေ့လယ်ပိုင်းက အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ကျိုင်းတုံမြို့၊ ရပ်ကွက် (၂)၊ မိုင်တိုင်အမှတ် (၃၉၄/၄)နှင့် (၃၉၄/၅) အကြားတွင် ယနေ့ ဒီဇင်ဘာလ ၁၈ ရက်၊ နေ့လယ် ၁၁ နာရီခန့်က PAJERO အမျိုးအစား အဖြူရောင် အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ ကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁ ၁၁ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Wednesday, December 17, 2025

🌸 တောင်ကြီးမြို့။ ဂနိုင်ရေကန်တွင် ဆောင်းခိုငှက်များ ဝင်ရောက်လာ

.

တောင်ကြီး၊ ဒီဇင်ဘာ ၁၇

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်အတွင်းရှိ ဂနိုင်ရေကန်များအတွင်းသို့ ဆောင်းခိုငှက်များ စတင် ဝင်ရောက်နားခိုလာနေကြောင်း သိရသည်။

.


.

အဆိုပါ ဆောင်းခိုငှက်များ ဂနိုင်ကန်အတွင်းသို့ ရောက်ရှိသည်မှာ ၃ ရက်ခန့်ရှိနေပြီဖြစ်ပြီး ငှက်အကောင်ရေ ရာနှင့်ချီ ရှိကြောင်းသိရသည်။

Tuesday, December 16, 2025

🌸 ဆီဆိုင်မြို့မဈေး ယာယီဆိုင်ခန်းတွင် မီးလောင်မှုဖြစ်ပွား

.

ဆီဆိုင်၊ ဒီဇင်ဘာ ၁၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ မြို့မဈေး ယာယီဆိုင်ခန်းတစ်ခု တွင် ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်၊ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ဆီဆိုင်မြို့၊ သီရိရပ်ကွက်၊ မြို့မဈေး ယာယီဆိုင်ခန်းအတွင်းရှိ သင်္ကန်းဆိုင်တစ်ခုတွင် ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်၊ ည ၈ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် သင်္ကန်းအရောင်းဆိုင် ၈ ပေ ဆိုင်ခန်း ၂ ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

🌸 အေးသာယာရှိ စက်သုံးဆီဆိုင် မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရ၊ ဆီဘောက်ဆာတွဲယာဉ်တစ်စီး မီးလောင်ပျက်စီး

.

အေးသာယာ၊ ဒီဇင်ဘာ ၁၆

.

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ထုံးဖိုရှိ တပင်ရွှေထီး စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့ ဒီဇင်ဘာလ ၁၆ ရက် နေ့လယ်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး စက်သုံးဆီဆိုင်နှင့် ဆီဘောက်ဆာ တွဲယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

.


.

အေးသာယာမြို့၊ နယ်မြေ (၂)၊ ရပ်ကွက် (၅) ရှိ တပင်ရွှေထီး စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့ ဒီဇင်ဘာလ ၁၆ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က ဆီဘောက်ဆာယာဉ်မှ ဆီကန်အတွင်းသို့ ဆီဖြည့်ရာမှတစ်ဆင့် မီး ကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 အေးသာယာတွင် စက်သုံးဆီဆိုင် မီးလောင်

.

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ထုံးဖိုရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုတွင် ယနေ့ ဒီဇင်ဘာလ ၁၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

.


.

မီးလောင်မှု ဖြစ်ပွားသည့်ဆိုင်မှာ တပင်ရွှေထီး စက်သုံးဆီဆိုင်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြပြီး မီးလောင်ရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို မသိရှိရသေးချေ။

Sunday, December 14, 2025

🌸 မူဆယ် ၁၀၅ မိုင်တွင် ကျောက်တင်ကားတစ်စီး ဘရိတ်ပေါက်ဝင်တိုက်ရာမှ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

.

မူဆယ်၊ ဒီဇင်ဘာ ၁၅

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မူဆယ်-၁၀၅ မိုင်ကြား ပြည်ထောင်စုလမ်းမပေါ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်၊ နေ့လယ်ပိုင်းက ဗြုန်းကျောက်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး ဝင်ရောက်တိုက်မိရာမှ အမျိုးသမီး ၂ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

မူဆယ်မြို့နယ်၊ ၁၀၅ မိုင်အဝင်ရှိ စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်ခန့်က ဗြုန်းကျောက်တင် ၆ ဘီးယာဉ်မှ ဘရိတ်ပေါက်ကာ စစ်ဆေးရေးဂိတ်တွင် လမ်းလျှောက်နေသည့် ခရီးသွားများကို ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 နိုင်ငံ့ဝန်ထမ်းဟောင်းများ (မြို့ပြ) အသင်း၊ တောင်ကြီးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

.

တောင်ကြီး၊ ဒီဇင်ဘာ ၁၄

.

နိုင်ငံဝန်ထမ်းဟောင်းများ (မြို့ပြ) အသင်း၊ တောင်ကြီးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် အသင်းသားတွေ့ဆုံအစည်းအဝေးကို ယနေ့ ဒီဇင်ဘာလ ၁၄ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ လူထုအခြေပြု ဗဟိုဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

.

.

အစည်းအဝေးတွင် နိုင်ငံ့ဝန်ထမ်းဟောင်းများ (မြို့ပြ) အသင်း တောင်ကြီး ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဥပဒေချုပ်၊ ဦးစိုင်းကျော်ဇံ က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အသင်းအတွင်းရေးမှူး ဒေါ်ရွှေရွှေမြင့်က ယခင်အစည်းအ‌ဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ အသင်း၏ ဘဏ္ဍာရေးဆိုင်ရာများကို ဖတ်ကြားရှင်းလင်းခဲ့သည်။

Friday, December 12, 2025

🌸 အင်းလေးဒေသ၊ မန်ကျည်းဆိပ်ကျေးရွာတွင် U9 Cares မှ လှူဒါန်းသည့် ရေသန့်စင်စက် လွှဲပြောင်းပေးအပ်

.

ညောင်ရွှေ၊ ဒီဇင်ဘာ ၁၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မန်ကျည်းဆိပ်ကျေးရွာတွင် U9 Cares မှ လှူဒါန်းသည့် ရေသန့်စင်စက် လွှဲပြောင်းပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အင်းလေးဒေသ၊ နန်းပန် ကျောင်းတိုက် ဆရာတော်က ရေသန့်စင်စက် လှူဒါန်းမှုနှင့် ပတ်သက်၍ အနုမောဒနာတရား ဟောကြားခဲ့ပြီး U9 Cares မှ တာဝန်ရှိသူများနှင့် အခမ်းအနားတက်ရောက်လာသူများ၊ ဒေသခံများက ရေစက်ချတရားတော် နာယူခဲ့သည်။

Saturday, December 6, 2025

🌸 ရှမ်းပြည်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၁၂ ခုတွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်မည် မဟုတ်ကြောင်း UEC ကြေညာ

.

တောင်ကြီး၊ ဒီဇင်ဘာ ၆

.

ရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) ကျင်းပမည့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ ခုမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စုစုပေါင်း ၂၁၂ ခုတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်က ကြေညာခဲ့သည်ဟု သိရသည်။

.

.                  

ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပရန်ရှိနေသည့် နောင်ချိုမို့နယ်မှ ကျေးရွာအုပ်စု ၄ စု၊ မူဆယ်မြိုနယ် မုံးကိုးမြို့မှ ရပ်ကွက် ၇ ခု၊ မန်ဟီးရိုးမြို့ရှိ ရပ်ကွက် ၃ ခု၊ ပန်ဆိုင်း (ကြူကုတ်)မှ ရပ်ကွက် ၅ ခုနှင့် ကျေးရွာ အုပ်စု ၆၃ စု၊ လားရှိုးမြို့နယ်ရှိ ကျေးရွာအုပ်စု ၆၄ စုတို့၌ ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

🌸 အောင်ပန်းတွင် ခရီးသည်တင်ယာဉ်နှင့် Nissan Atlas ယာဉ် တိုက်မှုဖြစ်ပွား

.

အောင်ပန်း၊ ဒီဇင်ဘာ ၆

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယနေ့ ဒီဇင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက ခရီးသည်တင် Express ယာဉ်နှင့် Nissan Atlas အမျိုးအစား မော်တော်ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၈/၅) နှင့် (၇၈/၆) အကြားတွင် ယနေ့ ဒီဇင်ဘာ လ ၆ ရက်၊ နံနက် ၈ နာရီခွဲခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် Nissan Attlas ယာဉ်ပေါ်မှ အမျိုးသမီး ၂ ဦး ညှပ်နေသဖြင့် အောင်ပန်းမီးသတ်တပ်ဖွဲ့စခန်းမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Thursday, December 4, 2025

🌸 တောင်ကြီးမြို့ ပြည်နယ်ဘောလုံးကွင်းပတ်လည်ရှိ ဆိုင်ခန်းများအား ဖယ်ရှားခိုင်းထား

.

တောင်ကြီး၊ ဒီဇင်ဘာ ၅

.

တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/တိုက်ခန်း များအား ဖယ်ရှားရှင်းလင်းသွားရန် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဒီဇင်ဘာလ ၃ ရက်တွင် အကြောင်းကြားထားသည်ဟု သိရသည်။

.

.

ပြည်နယ်ဘောလုံးကွင်း ပတ်လည်ရှိ အား/ကာဌာနပိုင် မြေပေါ်တွင် ငှားရ၎်းထားသော ဆိုင်ခန်း/တိုက်ခန်း များအား ဆက်လက်ငှားရ၎်းခြင်း မပြုတော့ကြောင်းနှင့် ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ ဆိုင်ခန်း/တိုက်ခန်း လစာများ ကောက်ခံခြင်း မပြုတော့ကြောင်း ဆိုင်ခန်းရှင်များသို့ အကြောင်းကြားသည့် စာတွင် ဖော်ပြ ထားသည်။

🌸 ကက္ကူလမ်းခွဲတွင် ဆိုင်ကယ်နှင့် ၆ ဘီးယဉ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

.

တောင်ကြီး၊ ဒီဇင်ဘာ ၄

.

တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ ကက္ကူလမ်းခွဲ လမ်းပိုင်းတွင် ယနေ့ ဒီဇင်ဘာလ ၄ ရက်၊ ညနေ ၃ နာရီခန့်က မော်တော်ဆိုင်ကယ်နှင့် ၆ ဘီးယာဉ် တိုက်မိမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။