Friday, December 12, 2025

🌸 အင်းလေးဒေသ၊ မန်ကျည်းဆိပ်ကျေးရွာတွင် U9 Cares မှ လှူဒါန်းသည့် ရေသန့်စင်စက် လွှဲပြောင်းပေးအပ်

.

ညောင်ရွှေ၊ ဒီဇင်ဘာ ၁၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မန်ကျည်းဆိပ်ကျေးရွာတွင် U9 Cares မှ လှူဒါန်းသည့် ရေသန့်စင်စက် လွှဲပြောင်းပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အင်းလေးဒေသ၊ နန်းပန် ကျောင်းတိုက် ဆရာတော်က ရေသန့်စင်စက် လှူဒါန်းမှုနှင့် ပတ်သက်၍ အနုမောဒနာတရား ဟောကြားခဲ့ပြီး U9 Cares မှ တာဝန်ရှိသူများနှင့် အခမ်းအနားတက်ရောက်လာသူများ၊ ဒေသခံများက ရေစက်ချတရားတော် နာယူခဲ့သည်။

.

ထို့နောက် မန်ကျည်းဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ရေသန့်စင်စက် အရှေ့တွင် ဆရာတော်၊ သံဃာတော်များနှင့် U9 Cares တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ရေသန့်စက်အား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

.

“ကျွန်တော်တို့ ရေသန့်စီမံကိန်း စဖို့ စီစဉ်တဲ့အချိန်မှာ အင်းသားလူငယ်များအဖွဲ့နဲ့ ချိတ်ဆက်မိပြီးတော့ သူတို့က ဒီမှာ လိုအပ်နေတယ် ဆိုတဲ့အတွက် ကျွန်တော်တို့ လာရောက်လေ့လာခဲ့တယ်။ ပြီးတော့ အင်းလေး ဒေသက ရေဘေးကော၊ ငလျင်ဘေးကော ကြုံတွေ့ခဲ့ရတော့ တကယ်လိုအပ်နေတဲ့အတွက် ဒီ မန်ကျည်းဆိပ်ကျေးရွာမှာ လှူဒါန်းဖြစ်တာပါ။ ဒီရေသန့်စက်က ဒေသခံပြည်သူတွေအတွက် အကျိုးအများကြီးရရှိစေနိုင်ပါတယ်။ အရင်ကလို ရေသန့်ရဖို့ တန်းစီ စောင့်ဆိုင်းရတာတွေ မရှိတော့ဘူးပေါ့။ ဒီအနီးဝန်းကျင် ၁၆ ရွာက အိမ်ထောင်စု ၃၃၀၀ ကျော်အတွက် အချိန်မရွေး ရေသန့်လာပြီး ယူနိုင်ပါပြီ။ နောက်ပြီး ကျွန်တော်တို့က ၂၀ လီတာ ရေသန့်ဘူးတွေနဲ့ ရေဘုံဘိုင်ခေါင်းတွေကို ပံ့ပိုးပေး ထားပါတယ်” ဟု U9 Cares မှ ဦးထိန်လင်းက ပြောသည်။

.

အဆိုပါ ရေသန့်စင်စက်သည် တစ်နာရီလျှင် ရေလီတာ ၂၀၀၀ ထုတ်လုပ်နိုင်ပြီး မန်ကျည်းဆိပ်ကျေးရွာ အပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာ ၁၆ ရွာမှ အိမ်ထောင်စု ၃၃၀၀ ကျော်အား နေ့စဉ် သောက်သုံးရေကို ပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

.

မန်ကျည်းဆိပ်ကျေးရွာတွင် ယခင်က တစ်နာရီလျှင် ရေလီတာ ၁၀၀ မှ ၂၀၀ သာ ထုတ်လုပ်နိုင်သည့် ရေသန့်စင် စနစ် ကိုသာ အသုံးပြုခဲ့ရသည့်အတွက် သောက်သုံးရေ မလုံလောက်ခြင်းနှင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်း စသည့် ပြဿနာများ ကြုံတွေ့ခဲ့ရသည့်အတွက် U9 Cares အစီအစဉ်ဖြင့် တစ်နာရီလျှင် ရေလီတာ ၂၀၀၀ ထုတ်လုပ် နိုင်သော ရေသန့်စင်စနစ် တပ်ဆင်ခြင်းကို နိုဝင်ဘာလတွင် အပြီးသတ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်း ရေသန့်စင်စနစ်တွင် နိုင်ငံတကာအသိအမှတ်ပြုထားသည့် ChlorinationSand FiltrationCarbon FiltrationWater SofteningReverse Osmosis (Ro) နှင့် UV Disinfection တို့ဖြင့် စစ်ထုတ်ထားသောကြောင့် ကျန်းမာရေး စံချိန်စံနှုန်း သတ်မှတ်ချက်များ ပြည့်မီသည့် သောက်သုံးရေသန့်အဆင့်ကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

.

“သောက်သုံးရေသန့် ရရှိဖို့က အမြဲတမ်း ရုန်းကန်နေရတဲ့ ကိစ္စပါ။ အရင်တုန်းက ရေခပ်ဖို့ အကြာကြီး တန်းစီ စောင့်ဆိုင်းခဲ့ရပေမဲ့ အခုတော့ မိသားစုတွေ ဘယ်အချိန်မဆို သောက်သုံးရေကို ခပ်ယူနိုင်ပါပြီ” ဟု မန်ကျည်းဆိပ် ကျေးရွာ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

.

U9 Cares သည် မြန်မာနိုင်ငံဆရာဝန်များအသင်း (အထက်မြန်မာပြည်) နှင့် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရန် အင်းလေးဒေသသို့ ရွေ့လျားဆေးခန်းအဖွဲ့ ရောက်ရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ရေသန့်စင်စနစ်ကို စနစ်တကျ အသုံးပြုခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းအပြင် သောက်သုံးရေ ဖြန့်ဖြူးခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများကိုပါ ဒေသခံ ရပ်ရွာလူထုအား လေ့ကျင့်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ရေသန့်စင်စနစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ U9 မှ တာဝန်ရှိသူများ၊ U9 Cares မှ စေတနာ့ဝန်ထမ်း များနှင့် ကျေးရွာ ၁၆ ရွာမှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ကိန္နရီ ကိန္နရာ အက၊ အင်းသားရိုးရာ အကအလှနှင့် ဒေသအတွင်းနေ ရှမ်း၊ ပအိုဝ်းတိုင်းရင်းသားများ၏ အကအလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

.

#ShanGazette #NyaungShwe #Innlay #U9Cares

.

 

No comments:

Post a Comment