.
တောင်ကြီး၊ ဒီဇင်ဘာ ၂၃
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၏ အရှေ့ဘက်
တောင်တန်းပေါ်ရှိ ချယ်ရီပန်းပင်များတွင် “ချယ်ရီပန်း မခူးရ” သတိပေးဆိုင်းဘုတ် ဗီနိုင်းများကို
ကပ်ထားခဲ့သည်ဟု သိရသည်။
.
Cherry Campaing အတွက် ဗီနိုင်းအချပ်ရေ ၃၀ အဖြစ်
မြစိမ်းတောင်တကြောနှင့် စူဠာမုနိစေတီတော် အနီးရှိ ချယ်ရီပန်းပင်များတွင် ချယ်ရီပန်းမခူးရန်
မေတ္တာရပ်ခံစာများကို တောင်ကြီးဒေသခံ ချယ်ရီချစ်သူ များက လိုက်လံကပ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“ချယ်ရီပန်းပွင့်တဲ့အချိန်က တစ်လကျော်လောက်ပဲကြာတာပါ။
ချယ်ရီပန်းက အပင်ပေါ်မှာပဲ လှတဲ့ပန်းမျိုးပေါ့။ ခူးလိုက် အကိုင်းတွေခုတ်လိုက်တာ
မျိုးလုပ်ရင် အပင်တွေ ပျက်စီးသွားတာပါပဲ။ အသိပေး တာတွေ လုပ်နေသလို ကိုယ့်ဒေသကအပင်
ကိုတန်ဖိုးထားထိန်းသိမ်းပြီးအပင်တွေမခုတ်ဖို့လိုအပ်ပါတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက
ပြောသည်။
.
လက်ရှိတွင် တောင်ကြီးအရှေ့ တောင်ပေါ်ရှိ အဓိကနေရာများတွင်
ချယ်ရီပန်းမခူးရ ဗီနိုင်းများကို ကပ်ထားပြီး ဖြစ်ကာ ထပ်မံ၍ ဗီနိုင်းအချပ်ရေ ၃၀ ခန့်
လိုအပ်နေသေးသည့်အတွက် အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။
.
“ချယ်ရီပန်းဆိုတာမျိုးက အကိုင်းခုတ်ပြီးရောင်းစားရမယ့်
ပန်းမျိုးမဟုတ်ဘူး။ ဝယ်တဲ့လူမရှိရင် ဘယ်သူမှ ရောင်းမှာမဟုတ်ဘူးပေါ့။ အဓိကကတော့ ရောင်းရင်မဝယ်ဖို့နဲ့
အပင်တွေကို တန်ဖိုးထားဖို့လိုတာပေါ့” ဟု အခြား ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ချယ်ရီပန်းသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ အမှတ်သင်္ကတေတစ်ခုဖြစ်ပြီး
အချို့က အပင်ပေါ်တွင် လှပနေသည့် ချယ်ရီပန်းများကို အကိုင်းချိုး ခူးဆွတ်ကာ ပြန်လည်ရောင်းချနေမှုများလည်း
ရှိနေသည့်အတွက် ချယ်ရီပန်းချစ်သူများက ယင်းကဲ့သို့ သတိပေးတားမြစ်နေခြင်းဖြစ်ကြောင်း
သိရသည်။
.
#ShanGazette #Taunggyi #Cherry
.

No comments:
Post a Comment