Sunday, October 19, 2025

🌸 တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ နေ့လွှတ်အရုပ်များ ဖွင့်ပွဲမတိုင်မီ ၂ ရက် ကြိုတင် လွှတ်တင်မည်

.

တောင်ကြီး၊ အောက်တိုဘာ ၁၉

.

၂၀၂၅ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ၊ နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲများကို ဖွင့်ပွဲမတိုင်မီ ၂ ရက်ကြိုတင်၍ အောက်တိုဘာလ ၂၇ ရက်တွင် စတင်လွှတ်တင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

.

.

ယခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ၊ ဖွင့်ပွဲကို အောက်တိုဘာလ ၂၉ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး နေ့လွှတ်မီးပုံးပျံပြိုင်ပွဲကိုမူ ၂ ရက်ကြိုတင်၍ အောက်တိုဘာလ ၂၇ ရက်တွင် စတင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

.

“နေ့လွှတ်က ၂၇ ရက် စလွှတ်မှာပါ။ အလုံးရေများတဲ့အတွက် ရှေ့ ၂ ရက်တိုးပါတယ်။ ပုံမှန် ညလွှတ်နဲ့ ဖွင့်ပွဲအစီအစဉ်ကတော့ အပြောင်းအလဲမရှိပါဘူး။ နေ့လွှတ် ခြေ ၂ ချောင်း၊ ခြေ ၄ ချောင်း၊ အုပ်စု စုစုပေါင်း ၃၅၀ ကျော်ပါတယ်” ဟု ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။

.

နေ့လွတ်အရုပ်မီးပုံးပျံ ပြိုင်ပွဲဝင်မီးပုံးပျံများအတွက် လွှတ်တင်ယှဉ်ပြိုင်ရမည့်ရက်ကို အောက်တိုဘာလ ၁၇ ရက်၊ နေ့လယ်ပိုင်းက ကန်ရှေ့ ရပ်ကွက်ရုံး၌ မဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

.

၂၀၂၅ ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းတွင် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ပိတ်ပွဲနှင့် ဆုပေးပွဲကို နိုဝင်ဘာလ ၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Taunggyi #Tazungdai

 

No comments:

Post a Comment