Saturday, October 18, 2025

🌸 တောင်ကြီးတွင် အွန်လိုင်းလောင်းကစားဂိမ်းများကြောင့် ခိုးမှုနှင့် လုယက်မှုများပြားလာနေ ဟုဆို

.

တောင်ကြီး၊ အောက်တိုဘာ ၁၈

.

တောင်ကြီးမြို့ပေါ်ရှိ ပြည်သူများကြားတွင် တရားဝင်သဖွယ် ဖြစ်လာနေသည့် အွန်လိုင်းဘောလုံး လောင်း ကစားဂိမ်းများနှင့် စလော့ဂိမ်းဆော့ကစားသူများပြားလာနေပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ပစ္စည်း ခိုးယူမှုနှင့် လုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။

.

.

အွန်လိုင်းလောင်းကစားဂိမ်း လုပ်ကိုင်သူအချို့သည် တောင်ကြီးမြို့ပေါ်ရှိ လူစည်ကားရာ နေရာများနှင့် အမျိုးသားအများစုရှိတတ်သည့် ဆိုင်ကယ်ကယ်ရီဂိတ်များတွင် လောင်းကစားနှင့် ပတ်သက်သည့် ဆွဲဆောင် စည်းရုံးမှုများ လိုက်လံပြုလုပ်နေကြောင်း ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ အချို့ထံက သိရသည်။

.

“ဘောလုံးနဲ့ပတ်သက်တဲ့အကြာင်းလေးတွေ အင်တာဗျူးလုပ်ချင်လို့ဆိုပြီး ရောက်လာတာဗျ။ သူတို့မေးတဲ့ အကြောင်းအရာတွေကို ဖြေပေးရင် တစ်ယောက် ၁၀၀၀၀ ပေးမယ်ဆိုတာနဲ့ ဂိတ်ကလူတွေကို မေးသွား ကြတာ။ နောက်ပိုင်းလိုင်းပေါ်တက်လာတဲ့အခါကျမှ ‌ဘောလုံးလောင်းတဲ့နေရာမှန်း သိလိုက်ရတာ” ဟု ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူတစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။

.

ယင်းကဲသို့ တရားဝင်သဖွယ်ဖြစ်နေသည့် ဘောလုံး လောင်းကစားဂိမ်းများအပြင်၊ ကျွဲဂိမ်းဟုခေါ်သည့် စလော့ဂိမ်းများကလည်း ပြည်သူများကြားတွင် ရေပန်းစားကာ ဆော့ကစားသူ များပြားနေကြောင်း သိရသည်။

.

“စလော့ဂိမ်းတွေက လူတိုင်းနီးပါးကို ဆော့နေကြတာ။ အထူးသဖြင့် အခြေခံလူတန်းစားတွေကြားမှာ ပိုပြီး ဆော့တာကိုတွေ့ရတယ်။ စီးပွားရေးအဆင်မပြေတဲ့ အခါကျတော့ ရမလားဆိုပြီး ဆော့ကြတာပေါ့။ ပါသွားတဲ့လူတွေပဲ များပါတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက၎င်း၏အမြင်ကို ပြောသည်။

.

လူတိုင်းနီးပါး အသုံးပြုနေသည့် လက်ကိုင်တယ်လီ ဖုန်းများတွင် အင်တာနက် အွန်လိုင်းဖွင့်သည်နှင့် လောင်းကစားကြော်ငြာများက ဦးစွာနေရာယူထားပြီး ယင်းအဆင့်ကို ကျော်လွန်ပြီးမှသာ အခြားသော အသုံးပြုလိုသည့် အပလီကေးရှင်းများကို ကျော်လွန်အသုံးပြုနေရသည့်အတွက် လောင်းကစားပြုလုပ်သူ များပြားနေခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

.

အွန်လိုင်းဘောလုံး လောင်းကစားဂိမ်းနှင့် စလော့ဂိမ်း ရှုံးနိမ့်သူအချို့သည် ငွေကြေးအလွယ်တကူရရန် အတွက် နီးစပ်ရာ နေရာများတွင် ပစ္စည်းအလစ်သုတ်ခိုးယူခြင်း၊ ဆိုင်ကယ်ခိုးယူခြင်း၊ လက်ကိုင်ဖုန်း လုယက်ခြင်းများ ကျူးလွန် တတ်ကြသည့်အတွက် မြို့ပေါ်နေပြည်သူများအနေဖြင့် သတိပြုရန် လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment