.
တောင်ကြီး ဖေဖော်ဝါရီ ၁၅
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ မြို့မဈေး
မြောက်ဘက်ရှိ ကုန်သည်လမ်းတွင် တစ်လမ်းမောင်း လမ်းညွှန်အမှတ်အသားအား သိသာထင်ရှားစွာ
တပ်ဆင်ထားခြင်းမရှိသည့် အတွက်ယာဉ် လမ်းကြော မသိသော ယာဉ်မောင်းသူအချို့က မကြာခဏ လမ်းမှားထွက်မိကာ
ဖမ်းဆီးအရေးယူခံရမှုများ ရှိနေကြောင်း သိရသည်။
.
.မြို့မဈေးကြီး အနောက်ဘက် စဝ်စံထွန်းလမ်းထိပ်မှ ဈေးကြီးမြောက်ဘက်
ကုန်သည်လမ်းမီးပွိုင့်အထိ တစ်လမ်းမောင်း သတ်မှတ်ထားခြင်းဖြစ်ပြီး ယင်းသို့ သတ်မှတ်ထားသည့်
လမ်းညွှန်ဆိုင်းဘုတ်များမှာ သိသာထင်ရှားခြင်း မရှိသည့်အတွက် ယာဉ်မောင်းအချို့က ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်သို့
မှားယွင်း ထွက်မိကာ အရေးယူခံနေရခြင်းဖြစ်ကြာင်း သိရသည်။
.
“ဈေးမြောက်ဘက်လမ်းက အနောက်ဘက်ကနေ မိန်းလမ်းပေါ်ကို
ထွက်လို့မရဘူးပေါ့။ ဒါပေမဲ့ တစ်လမ်းမောင်းဆိုင်းဘုတ်က ဘယ်သူမှမမြင်ရဘူး။ နယ်ဘက်ကလာတဲ့
လူတွေဆို အဲဒီလမ်းမှာ လမ်းမှားထွက်မိလို့ ခဏခဏ အဖမ်းခံနေရတယ်” ဟု မြို့မဈေးကြီးအနီးနေထိုင်သူတစ်ဦးက
ရှမ်းဂေဇက်သတင်း မီဒီယာသို့ ပြောသည်။
.
အဆိုပါ တစ်လမ်းမောင်း သတ်မှတ်ထားသည့် လမ်းညွှန်အမှတ်အသားများမှာ
ထင်ရှားခြင်းမရှိသည့်အပြင် ပျံကျဈေးသည်များ၏ ထီးများ ဈေးလှည်းများနှင့် ဈေးသည်များက
ယင်းလမ်းညွှန်အမှတ်အသား ဆိုင်းဘုတ် များကို မြင်ကွင်း ပိတ်ကွယ်သလို ဖြစ်နေတတ်ကြောင်းလည်း
သိရသည်။
.
“နယ်ဘက်ကလာတဲ့ ဆိုင်ကယ်တွေ အများဆုံး အဖမ်းခံနေရတာပေါ့။
တစ်လမ်းမောင်းဖြစ်မှန်း မသိကြဘူး လေ။ တချို့ယာဉ်ထိန်းတွေက လမ်းညွှန်ပေးတာရှိသလို တချို့လည်း
ဖမ်းတာပေါ့” ဟု မြို့မဈေးအတွင်း ဈေးရောင်းချနေသည့် ဈေးသည်တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ထို့အတူ မြို့မဈေးကြီးအနောက်ဘက် စဝ်စံထွန်းလမ်းတွင်လည်း
တောင်ဘက်မှ မြောက်ဘက်သို့ မဝင်ရ တစ်လမ်း မောင်းသတ်မှတ်ထားသော်လည်း အမှတ်အသား ဆိုင်းဘုတ်မှာ
မမြင်ရသဖြင့် စည်းကမ်းပျက် မော်တော်ဆိုင်ကယ်အချို့မှ လမ်းပြောင်းပြန် ဝင်ရောက်မောင်းနှင်မှုများ
ရှိနေပြီး တောင်ကြီးဈေးနေ့ ကဲ့သို့သော လူစည်ကားသည့် နေ့များတွင် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်လေ့ရှိကြောင်း
သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment