.
တောင်ကြီး၊ ဧပြီ ၁၂
.
ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က တောင်ကြီးမြို့၊
ပြည်တော်သာရပ်ကွက်၊ နှင်းဆီလမ်းနှင့် ဂုဏ်ထူးလမ်းထောင့်ရှိ မီးဘေးသင့် နေအိမ်အား ယနေ့
ဧပြီလ ၁၂ ရက်၊ နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း
သိရသည်။
.
.အဆိုပါ မီးဘေးသင့်နေအိမ်အား ကူညီသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေး
ဆောင်ရွက်မှုကို ရှမ်းတောင် ပရဟိတညီနောင်များကွန်ရက် အဖွဲ့ဝင် အင်ဂျင်နီယာကော်မတီ ဥက္ကဋ္ဌ
ဦးသန်းထိုက် ဦးဆောင်၍ အဖွဲ့ဝင်များဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အကူအညီလိုနေတဲ့ သူတွေ
ရှိနိုင်တယ်။ အခုလို မီးဘေးသင့်လို့ အပျက်အစီး တွေကို ရှင်းလင်းဖို့ အခက်အခဲရှိနေတာမျိုးတွေ
တွေ့ရပါတယ်။ အင်ဂျင်နီယာကော်မတီကနေ ရှမ်းတောင် ပရဟိတအသင်းဝင်များနဲ့ လုပ်အားဒါန သန့်ရှင်းရေး
ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်” ဟု အင်ဂျင်နီယာ ကော်မတီ ဥက္ကဋ္ဌ ဦးသန်းထိုက်က ပြောသည်။
.
ယင်းကဲ့သို့ သန့်ရှင်းရေး ဆောင်ရွက်ပေးရာတွင် ပထမအဆင့်အနေဖြင့်
မီးလောင်ကျွမ်းထားသည့် ပစ္စည်းများ၊ အမှိုက်များကို ဖယ်ရှားရှင်းလင်းပြီး အကာအရံများ
ပြုလုပ်ပေးခဲ့ကာ သင်္ကြန်ကာလ အပြီးတွင် ယင်း မီးဘေးသင့် အဆောက်အဦ ဖျက်သိမ်းရေးအတွက်
ထပ်မံကူညီဆောင်ရွက်ပေးသွားရန်ရှိကြောင်းနှင့် အခြား အကူအညီ လိုအပ်နေသည့် နေရာများတွင်လည်း
ကူညီဆောင်ရွက်ပေးသွားရန် ရှိကြောင်း ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။
.
ပြည်တော်သာရပ်ကွက်၊ နှင်းဆီလမ်းနှင့်
ဂုဏ်ထူးလမ်းထောင့်ရှိ အဆိုပါ နေအိမ်တွင် ပြီးခဲ့သည့် မတ်လ ၂၇ ရက်၊ နံနက်ပိုင်းက
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
.
Photo - ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်
.
#ShanGazette #Taunggyi
.

No comments:
Post a Comment