Wednesday, April 8, 2026

🌸 ရှမ်းမြောက်မှ မန္တလေးသို့ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၉၉ သိန်းကျော်နှင့် ဘိန်းဖြူများ ဖမ်းမိ

.

တောင်ကြီး၊ ဧပြီ ၈

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှ မန္တလေးမြို့သို့ ရောင်းချရန် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ် ဆေးပြား ၉၉ သိန်းကျော်နှင့် ဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၆ ရက် နံနက် ၈ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်၊ ၅၄(ဘီ)လမ်း၊ ၁၂၈ x ၁၂၉ လမ်းကြား၌ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူများဖြစ်သည့် အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ) သီတာတို့အား ဖမ်းဆီးရမိခဲ့ပြီး အမရပူရမြို့နယ်၊ ဒေါင်းရွေးကျေးရွာရှိ ၎င်းတို့၏နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉ ဒသမ ၂၂ သိန်းပြားနှင့် ဘိန်းဖြူ ၅ ဒသမ ၅ ကီလို ဂရမ်၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဒသမ ၀၂ ဘီလီယံခန့်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ဆက်လက်ပြီး ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ယင်းမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နေ အိုက်ချွမ်က မန္တလေးမြို့အတွင်း ပြန်လည်ရောင်းချရန်အတွက် အမရပူရမြို့နယ်၊ ဒေါင်းရွေး ကျေးရွာရှိ အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ) သီတာ တို့၏ နေအိမ်သို့ ပို့ဆောင်ပေးခဲ့ပြီး အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ)သီတာတို့က မန္တလေးမြို့တွင် ပြန်လည်ဖြန့်ဖြူး ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားခံပြေးများအပါအဝင် ဆက်စပ်တရားခံ များအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Drugs

.

No comments:

Post a Comment