.
တောင်ကြီး၊ ဧပြီ ၇
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့အား ယနေ့ ဧပြီလ ၇ ရက်၊ နံနက်ပိုက်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် အကြီးအကဲများ၏ အမည်စာရင်းကို အတည်ပြုခဲ့သည်ဟု သိရသည်။
.
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသူ စိုင်းထိန်စိုး က ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးဌာနများနှင့် ဝန်ကြီးများ၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြရာ လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သော ဝန်ကြီးဌာနအလိုက် ဝန်ကြီးများမှာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဗိုလ်မှူးကြီး စိန်ဝင်း၊ စီမံကိန်းစီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာ လဆိုင်း၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် နန်းခမ်းလူ၊ လျှပ်စစ် စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခွန်သန်းထူး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးလင်းအောင်ဆွေ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် စိုင်းဝမ်းလှိုင်းတစ်ပ်၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခွန်ထွန်းဖြူ တို့ ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ် ဥပဒေချုပ်အဖြစ် စိုင်းကျော်ဇံ ကို လည်းကောင်း၊ ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်ထွေးရီ ကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးသန်းဦးလွင် ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ဒေါ်စန္ဒာအောင်၊ ဦးအောင်မော်၊ ဒေါ်သူဇာအောင် တို့ကို လည်းကောင်း လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ ပြည်နယ်ဝန်ကြီးများအဖြစ် အတည်ပြု ခန့်အပ်ခံရသူများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၄ ဦး၊ ရှမ်းနှင့် တိုင်းရင်းသား လူမျိုးများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) တို့မှ တစ်ဦးစီနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Parliament
.

No comments:
Post a Comment