.
တောင်ကြီး၊ အောက်တိုဘာ ၂၃
.
တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ
ကျင်းပနေစဉ်ကာလအတွင်း ကုန်တင်ယာဉ်များ အား တောင်ကြီးမြို့တွင်းသို့ ဝင်ရောက် ဖြတ်သန်းခွင့်
ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။
.
.တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း ယာဉ်ကြောပိတ်ဆို့မှု
မဖြစ်ပေါ်စေရေးနှင့် ယာဉ်အန္တရာယ် လမ်း အန္တရာယ် ကင်းရှင်းစေရေးအတွက် တောင်ကြီးမြို့ပေါ်သို့
ဝင်ရောက်ဖြတ်သန်းရေးဆွဲနေသော ကုန်တင် ယာဉ်များအားလုံး ပွဲတော်ကျင်းပမည့် အောက်တိုဘာလ
၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်အတွင်း နေ့စဉ် ညနေ ၄ နာရီမှ နောက်တစ်ရက်နံနက် ၄ နာရီအထိ တောင်ကြီးမြို့တွင်းသို့
ဝင်ရောက်ခွင့် ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
“ပွဲတွင်းကတော့ မဖြစ်မနေ ပိတ်ရမှာပါ။ အခု ပွဲမစသေးတဲ့
အချိန်တောင်မှ ဧရာဝတီလမ်းဆုံးနားမှာ ညနေ ပိုင်းဆိုရင် ကုန်ကားတွေ၊ တွဲကားတွေနဲ့ လမ်းက
ပိတ်နေပြီ။ ဖြစ်နိုင်ရင်တော့ ပွဲကာလ မဟုတ်ဘဲ အမြဲတမ်း အဲဒီလို ပိတ်ထားရင်တော့ ပိုကောင်းပါတယ်။
မြို့ပေါ်မှာ လမ်းတွေလည်းပျက်တယ်။ ကားတွေ လည်းပိတ်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်လည်း
ဖြစ်နိုင်ပါတယ်” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်နေ ဒေသခံတစ်ဦးက ရှမ်းဂေဇက်သို့
ပြောသည်။
.
ထိုသို့ မြို့တွင်း ဝင်ရောက်မှု ပိတ်ပင်ထားစဉ် ကာလအတွင်း
ကုန်တင်ယာဉ်များ၊ ယာဉ်ကြီးများအနေဖြင့် တောင်ကြီးမြို့ရှောင်လမ်းကို အဆင်းလမ်းအဖြစ်
အသုံးပြုနိုင်ပြီး အောက်တိုဘာလ ၂၈ ရက်မှ စတင်၍ မြို့ရှောင်လမ်းကို အဆင်းလမ်းအဖြစ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
၂၀၂၅ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို
အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ အဝေရာမီးပုံးပျံကွင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး
မီးပုံးပျံကွင်းအတွင်းနှင့် ကျောက်တလုံး လမ်းမတစ်လျှောက် ပွဲဈေးတန်းဆိုင်ခန်းများ စတင်ခင်းကျင်း
ပြင်ဆင်နေလျက်ရှိရာ ယခုအချိန်ကတည်းက ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း
သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment