.
တောင်ကြီး၊ အောက်တိုဘာ ၂၁
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် လူနေအိမ်ခန်းနှင့်
ဆိုင်ခန်းငှားရမ်းခများ အဆမတန် မြင့်တက် နေပြီး ပုံမှန်ဝင်ငွေရှိ အခြေခံလူတန်းစားများအတွက်ပင်
ငှားရမ်းနေထိုင်ရန် ခက်ခဲနေကြောင်း သိရသည်။
.
.“အိမ်ခန်းငှားခတွေက ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေထက်တောင်
ပိုများနေတယ်။ တောင်ကြီးမှာ လမ်းမတန်းလို နေရာမျိုး၊ လမ်းဆုံကြတဲ့နေရာတွေမှာ အခန်းငှားပြီး
ဆိုင်ဖွင့်ဖို့က မလွယ်ဘူးဗျ။ အခန်း ငှားခဈေးတွေက မြင့်လွန်းတယ်။ တော်ရုံတန်ရုံ အစားအသောက်လေး
ရောင်းမယ်ဆိုရုံကတော့ ဆိုင်ခန်းခ ပြန်ရဖို့တောင် မလွယ်ဘူး။ အလုပ်အကိုင်ရှားပါးတော့
တချို့တွေလည်း ဖြစ်မလားဆိုပြီး လုပ်ကြည့်ကြ တာပေါ့။ စာချုပ်တစ်ဖြတ်လောက်ကုန်တာနဲ့
နားကုန်ကြရော။ ဆိုင်ခန်းခအပြင် အခန်းပြင်ဆင်စရိတ်တွေပါ ရှုံးတာပေါ့” ဟု တောင်ကြီးဒေသခံတစ်ဦးက
ပြောသည်။
.
ရှမ်းမြောက်ဒေသနှင့် ကယားပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သော
တိုက်ပွဲများကြောင့် တောင်ကြီး မြို့ပေါ်သို့ ပြောင်းရွှေ့အခြေချနေထိုင်သူ များပြားလာပြီး
မြို့လူဦးရေ ထူထပ်လာသည့်အတွက် အိမ်ခန်းငှားရမ်းခများ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း
အိမ်ခန်းငှားရမ်းနေထိုင်သူများထံက သိရသည်။
.
“စစ်ရှောင်တွေက ဈေးပေးပြီး ငှားကြတော့ ကျန်တဲ့ အိမ်ခန်းတွေပါ
ဈေး လိုက်တက်ကုန်တယ်။ အရင် ကတည်းက နှစ်ပေါင်းများစွာ အိမ်ငှားနေလာတဲ့ မြို့ခံတွေတောင်
ငှားနေနိုင်ဖို့ မလွယ်တော့ဘူး။ အခြေခံ လူတန်းစား မပြောနဲ့ ပုံမှန်ဝင်ငွေရှိတဲ့ မိသားစုတွေတောင်
အိမ်ခန်းငှားနေထိုင်ဖို့ ဆိုတာ မလွယ်တော့ပါဘူး” ဟု အခြား ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ အိမ်ခန်းငှားရမ်းသူ အိမ်ရှင်တစ်ဦးကမူ
“အခုခေတ်မှာ အစစအရာရာ ကုန်ဈေးနှုန်းက ၂ ဆ၊ ၃ ဆက တက်နေတာပဲ။ ကျွန်တော်တို့က အခန်းခဈေးနှုန်းအကို
အဲဒီလောက် ၂ ဆ၊ ၃ ဆတော့ မတင်ထားပါဘူး။ ဒါပေမဲ့ တစ်ခုရှိတာက အိမ်ရှင်က ပြောထားတာက တစ်ဈေး၊
ပွဲစားဆီ ရောက်တော့ တစ်ဈေး ဖြစ်သွားတာလည်း ပါမှာပေါ့” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
လတ်တလော တောင်ကြီးမြို့ပေါ်တွင် မြို့ပတ်လမ်း အနီးဝန်းကျင်
နေရာများ၌ အိမ်ခန်းနှင့် ဆိုင်ခန်း ငှားရမ်းခများမှာ ၅ သိန်းဝန်းကျင်အထိ ဈေးပေါက်နေပြီး
ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ဆိုင်ခန်းများမှာ သိန်း ၂၀ မှ သိန်း ၃၀ အထိ ပေါက်ဈေးရှိကာ
မြို့အစွန်အဖျားရှိ လူနေအိမ်ခန်းများမှာလည်း အနည်းဆုံး ကျပ် တစ်သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း
သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment