Tuesday, October 14, 2025

🌸 တောင်ကြီး ဂနိုင်ကန်အတွင်း စားသောက်ဆိုင်အဆောက်အဦများ ဆောက်လုပ်မည့်ကိစ္စ ပယ်ဖျက် ဟုဆို

.

တောင်ကြီး၊ အောက်တိုဘာ ၁၅

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန် အမှတ် (၁)၊ (၂) နှင့် (၃) အတွင်း စားသောက်ဆိုင် အဆောက်အဦများ ဆောက်လုပ်မည့် ကိစ္စကို ပယ်ဖျက်လိုက်ကြောင်း Living Earth Green Network Taunggyi ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

.

.

“ဟုတ်ပါတယ်။ ဂနိုင်ကန်က သဘာဝအတိုင်းပဲ ထိန်းသိမ်းထားရမယ့်ကန်ပေါ့။ သူက ရေထွက်တာလည်း သိပ်အများကြီး မရှိဘူး။ မိုးရာသီမှသာ တောင်ကျရေတွေနဲ့ ရေပြည့်တဲ့ ကန်မျိုးပါ။ မြောက်ဘက်ဆုံးမှာရှိတဲ့ ကန်က မြို့ထဲကို ရေပေးဝေနေတဲ့ ကန်ဖြစ်တော့ ဂေဟစနစ်တွေ မပျက်သွားအောင် ထိန်းသိမ်းတာပါ။ ထိန်းသိမ်းထားဖို့ တကယ်လိုအပ်တဲ့ ရေကန်ဖြစ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ မြို့ခံ တွေက ကန့်ကွက်တော့ မလုပ်ဖြစ်တော့တာပေါ့။ သူတို့ (အစိုးရ၊ တာဝန်ရှိသူ) ဘက်ကလည်း ပြန်သုံးသပ် တာပေါ့” ဟု Living Earth Green Network (ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ရက်) မှ ဒေါ်ချယ်ရီကျော် က ရှမ်း‌ဂေဇက်သို့ ပြောသည်။

.

ဂနိုင်ကန်သာယာ ပြင်ဆင်ခြင်း လုပ်ငန်းများအဖြစ် ကန်ပတ်လမ်း ပြုပြင်ခြင်း၊ ပန်းလှပင်များ စိုက်ပျိုးခြင်း တို့ကို ယခင်နှစ် ၂၀၂၄ ခုနှစ်အတွင်းက လွိုင်ခမ်းကုမ္ပဏီမှ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် တောင်ကြီးမြကန်သာ ရေကန်ကဲ့သို့ စားသောက်ဆိုင်တန်းများ၊ အဆောက်အဦများ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

.

ယင်းသို့ ဂနိုင်ကန်အတွင်း ဆိုင်ခန်းများ တည်ဆောက်လိုက်မည် ဆိုပါက ရေနှင့် သဘာဝပန်ဝန်းကျင် ပျက်စီးခြင်း၊ ရေထုညစ်ညမ်းခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် မြို့ခံများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ကန့်ကွက်မှုများလည်း ရှိခဲ့သည်။

.

“အခုလို မင်္ဂလာသတင်းကြားရတာ ဝမ်းသာပါတယ်။ ဆုံးဖြတ်ပေးခဲ့တဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့လည်း ရေကန် မပျက်စီးအောင် မြို့နေပြည်သူတွေကလည်း ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ လိုပါတယ်” ဟု တောင်ကြီး မြို့ခံတစ်ဦးက ပြောသည်။

.

ထို့အတူ အဆိုပါရေကန်အနီး နေထိုင်သူ ဒေသခံတစ်ဦးကလည်း “အစကတော့ ဆိုင်ခန်းတွေဆောက်မယ်လို့ ကြားလိုက်သေးတယ်။ ဆောက်ရင် သဘာဝပတ်၀န်းကျင် ပျက်စီးပြီး ရေအရင်းအမြစ်တွေပါ ပျက်ကုန်မှာ ပေါ့။ နောက်ပြီးဒီနေရာက ဆိုင်ခန်းဆောက်ပြီး ဈေးရောင်းရမယ့် နေရာမျိုးလည်း မဟုတ်ဘူးလေ။ ဒီရေကန် တွေက မြို့ပေါ်က လူထု တွေအတွက် အဓိကအားထားရတဲ့ နေရာတွေ။ အခုဆို ဦးခန်းကန် (ဂနိုင်ကန် အမှတ် ၁) မြောက်ဘက်က ရေချိုးဆိပ်ရှိခဲ့တဲ့နေရာတွေတောင် ပျောက်ကုန်ပြီ။ မလိုအပ်တဲ့ နေရာတွေမှာ မဆောက်တာ အကောင်းဆုံးပါပဲ” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

အဆိုပါ ဂနိုင်ကန်များသည် တောင်ကြီးမြို့၏ မြေအောက်ရေ ဂေဟအရင်းအမြစ်များအတွက် အဓိက အရေးကြီးသည့် ရေအရင်းအမြစ်တစ်ခုဖြစ်ပြီး ယင်းရေကန်မှ မြို့ပေါ် ရပ်ကွက်များသို့ သောက်သုံးရေ ဖြန့်ဝေမှုများလည်း ရှိနေကြောင်း သိရသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment