Friday, November 7, 2025

🌸 တောင်ကြီးအီကိုကုမ္ပဏီ၏ အမှိုက်ခွန်ကောက်ခံမှုအပေါ် ဒေသခံများအကြား ဝေဖန်မှု မြင့်တက်နေ

.

တောင်ကြီး၊ နိုဝင်ဘာ ၇

.

တောင်ကြီးမြို့ပေါ်တွင် အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးလုပ်ငန်း ဆောင်ရွက်နေသည့် တောင်ကြီးအီကို ကုမ္ပဏီ၏ အမှိုက်ခွန် ကောက်ခံမှုနှင့် ပတ်သက်၍ တောင်ကြီးဒေသခံများအကြား ဝေဖန်မှု မြင့်တက် နေကြောင်း သိရသည်။

.

.

တောင်ကြီးအီကိုကမ္ပဏီက အမှိုက်ခွန် ကောက်ခံရာတွင် အမှိုက်ခွန်ကြေး များပြားသလို ကောက်ခံမှု မှာလည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ဒေသခံများက ဆိုသည်။

.

“အမှိုက်ခွန်ကို ဘယ်ရွေ့ဘယ်မျှ ကောက်ခံမယ်လို့ ပြည်သူတွေကို ချပြတာမျိုး မရှိဘူး။ အခုကျမှ လာကောက်တော့ ၂၆၀၀၀ တဲ့။ နောက်လူက ရှေ့လူထက်သာအောင် ကြိုးစားရ မယ့်ဟာ အခုတော့ မဟုတ်ဘူး နောက်ဘုန်းကြီးက နှစ်ချက်ခေါက်သလို ဖြစ်နေပြီ” ဟု တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နေ ဒေသခံတစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။

.

ယခု တောင်ကြီးအီကို ကုမ္ပဏီ၏ အမှိုက်ခွန်ကောက်ခံမှုမှာ ယခင် မွှေးကုမ္ပဏီ လက်ထက်ကထက် ဈေးနှုန်း ပိုမိုများပြားနေပြီး အများပြည်သူ အခြေခံလူတန်းစား၊ နေ့စားအလုပ်သမားများအတွက် အဆင်ပြေသည့် နှုန်းထား ဖြစ်စေလိုကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

“အရင် မွှေး တုန်းက ၁၀၀၀၀ ကောက်တယ်။ အခုကျတော့ ၃၀၀၀၀ ကောက်တယ်။ ကွမ်းယာဆိုင် သေးသေး လေး ကိုတောင် ၁ သောင်းခွဲတဲ့။ အမှိုက်ကားမလာလို့ ကန်မှာသွားပစ်ရင်လည်း အတူတူပဲလို့ ပြောပါတယ်” ဟု အခြားဒေသခံတစ်ဦးကလည်း ဆိုသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးအီကို ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံသို့ ရှမ်းဂေဇက်မှ ဆက်သွယ် မေးမြန်းရာတွင် ဆက်သွယ်၍ မရခဲ့ချေ။

.

တောင်ကြီးအီကို ကုမ္ပဏီသည် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနနှင့် သဘောတူစာချုပ် ချုပ်ဆို၍ တောင်ကြီးမြိုပေါ်ရပ်ကွက်များအတွင်း အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး လုပ်ငန်းကို အောက်တိုဘာလ ၁ ရက်တွင် စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment