.
တောင်ကြီး၊ ဇန်နဝါရီ ၃
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ပေါ်ရှိ အများပြည်သူ
အနားယူအပန်းဖြေရာ အထင်ကရနေရာတစ်ခု ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း လူနေဆိုင်ခန်းများ
ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
.
ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ စည်ကားသာယာလှပစေရန်အတွက်
ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေး ကုမ္ပဏီက အဆိုပါ ပန်းခြံအတွင်း ၃ ထပ် လူနေဆိုင်ခန်းများ
ဆောက်လုပ်ရန် တင်ပြထားခြင်းကို ပြန်လည် စိစစ်တင်ပြရန် ရှမ်းပြည်နယ်အစိုးရက စည်ပင်သာယာရေးဌာနသို့
ညွှန်ကြားထားခဲ့ခြင်းဖြစ်ကြောင်း လူမှု ကွန်ရက် စာမျက်နှာတွင် ပေါက်ကြားလာသော ရုံးစာတစ်စောင်အရ
သိရသည်။
.
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံသည် တောင်ကြီးမြို့ပေါ်ရှိ
တစ်ခုတည်း ကျန်ရှိသည့် အများပြည်သူ အနားယူအပန်းဖြေရာ ပန်းခြံတစ်ခုဖြစ်ပြီး ယင်းပန်းခြံအတွင်း
နေ့စဉ် ညနေကျောင်းဆင်း/ရုံးဆင်းချိန် များ၌ ကလေးငယ်များ၊ လာရောက်အပန်းဖြေသူများဖြင့်
စည်ကားလေ့ရှိကြောင်း သိရသည်။
.
“တောင်ကြီးမြို့ပေါ်မှာ အများပြည်သူ အပန်းဖြေအနားယူနိုင်တဲ့
Public Area ဆိုလို့ ဒီတစ်ခုပဲရှိတယ်။ ဒီအထဲမှာ အဓိက ကတော့ ကလေးငယ်တွေ
လာကြတယ်။ ကျန်တဲ့ ပန်းခြံတွေ၊ ကစားကွင်းတွေ ဆိုတာက အားလုံး ပုဂ္ဂလိကပိုင်တွေဖြစ်ကုန်ပြီ။
ဝင်ကြေးပေးမှ ဝင်လို့ရတယ်။ ပြီးတော့ မြို့လယ်ခေါင်က အထင်ကရ နေရာတစ်ခုလည်းဖြစ်တယ်။ အခုလို
လူနေဆိုင်ခန်းတွေ၊ အဆင့်မြှင့်တင်တာတွေ လုပ်မယ်ဆိုရင် နောက်ဆို ဒီပန်းခြံပါ လုံးဝပျောက်သွားမှာကို
စိုးရိမ်ရပါတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
ထို့အပြင် အခြားဒေသခံတစ်ဦးကလည်း အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံသည်
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်ရုပ်တု တည်ရှိရာ ပန်းခြံဖြစ်သလို
တောင်ကြီးမြို့ ပေါ်တွင် သမိုင်းအစဉ်အလာရှိခဲ့သည့် ကွင်းတစ်ခုဖြစ်သည့်အတွက် သမိုင်းပျောက်ပျက်မည်ကို
စိုးရိမ်ရကြောင်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံနေရာဖြစ်သော မြေကွက်လပ်ကို
လွတ်လပ်ရေးခေတ်ဦးက တောင်ကြီး မြို့တော်ဝန်ဦးခန်း လက်ထက်တွင် အများပြည်သူ ပန်းခြံအဖြစ်
စတင်သတ်မှတ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment