Monday, January 19, 2026

🌸 တောင်ကြီး အမှတ် (၅) ဈေးအနီးတွင် ချောင်းသဲဖြင့် လမ်းခင်းထားမှုကြောင့် ဒေသခံများ အဆင်မပြေ ဖြစ်နေ

.

တောင်ကြီး၊ ဇန်နဝါရီ ၂၀

.

တောင်ကြီးမြို့၊ အမှတ် (၅) ဈေး၊ ဟင်းသီးဟင်းရွက်နှင့် သားငါးဈေး ‌တောင်ဘက်၊ နန်းသီတာလမ်း ပေါ်တွင် ချောင်းသဲများဖြင့် လမ်းခင်းထားမှုကြောင့် ဈေးရောင်း၊ ဈေးဝယ်သူများနှင့် ဒေသခံများအတွက် အဆင်မပြေ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

.

“အမှတ် (၅) ဈေးထဲမှာ သဲတွေ၊ ဖုန်တွေနဲ့။ ဟင်းသီးဟင်းရွက်တွေ၊ အားအသောက်တွေလည်း အကုန်လုံး ဖုန်တွေတက်၊ စားလို့မဖြစ်တော့ဘူး။ ဒီသဲမှုန့်တွေကြောင့် လူတွေ အဆုတ်ရောဂါ၊ မျက်စိရောဂါတွေ ဖြစ်မှာ စိုးရိမ်ရပါတယ်” ဟု အမှတ် (၅) ဈေးအတွင်း ဈေးရောင်းချနေသူတစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။

.

ထို့အပြင် အဆိုပါ အမှတ် (၅) ဈေး၏ တောင်ဘက်တွင် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း လည်း ရှိနေပြီး လေနှင့်အတူ လွင့်ပါနေ‌သော သဲမှုန်များကြောင့် ကျောင်းသား/ကျောင်းသူများအတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအပြင် အခြား ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ ရှိလာနေကြောင်း သိရသည်။

.

“ကတ္တရာကျတော့ နည်းနည်းပဲထည့်တယ်။ အပေါ်က ချောင်းသဲတွေ ပုံထားတော့ တစ်နွေလုံး ဖုန်ထ။ မိုးတွင်းကျရင် ရွံ့ဗွက်ဖြစ်ပြီး လမ်းကပြန်ပျက်သွားမှာပဲ။ လမ်းအရည်အသွေး မပြည့်မီဘူးလို့ ပြောရမှာ ထက် လုံးဝကို စုတ်ပြတ်နေတယ်လို့ပဲ ပြောချင်တယ်။ တစ်မြို့လုံးကို ဖုန်ရှူလိုက် ဆိုတာမျိုး ဖြစ်နေပြီ” ဟု တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်နေ ဒေသခံတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

ထို့အပြင် အဆိုပါ အမှတ် (၅) ဈေးတောင်ဘက် နန်းသီတာလမ်းပေါ်တွင် လမ်းခင်းလုပ်ငန်း ပြီးစီးသော်လည်း လုပ်ငန်းလက်စသတ်ဘဲ ချောင်းသဲမှုန့်များကို လမ်းဘေနှစ်ဘက်တွင် စုပုံခဲ့မှုကြောင့် လမ်းဘေးပလက်ဖောင်း ရေမြောင်းပေါက်များတွင်လည်း သဲနုန်းများဖြင့် ပိတ်ဆို့နေကြောင်း သိရသည်။

.

အဆိုပါ ရေအေးကွင်းရပ်ကွက်၊ နန်းသီတာလမ်း (၆၃၀'x၃၀'x၃") ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနက ရန်ပုံငွေကျပ် ၃၅ ဒသမ ၄ သန်းဖြင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment