.
တောင်ကြီး၊ ဇန်နဝါရီ ၂၀
.
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ကိုယ်ပိုင်ကျောင်းတွင်
ဖြစ်ပွားခဲ့သော အမှုကိစ္စကြောင့် ရုတ်တရက် ကျောင်းပြောင်းလိုသည့် ကျောင်းသား/သူများအတွက်
Future Star ကိုယ်ပိုင်ကျောင်းက အခမဲ့ လက်ခံပေးပြီး စာမေးပွဲဖြေဆိုနိုင်ရန်
စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.ယခုအခါ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများ
အတွက် စာမေးပွဲဖြေဆိုရန်အချိန် နီးကပ်လာပြီ ဖြစ်သဖြင့် ကလေးများ အဆင်ပြေစေရန် ရည်ရွယ်၍
ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
“ဟိုဘက်မှာ မတက်ချင်လို့ ကျောင်းပြောင်းမယ်ဆိုရင်
ပုံမှန်အတိုင်း လက်ခံပေးမှာပါ။ စာမေးပွဲကလည်း ကပ်နေတော့ ကူညီပေးတဲ့ သဘောပါ။ ကလေးတွေ၊
မိဘတွေ စိတ်သောကရောက်နေတဲ့အချိန်မှာ အဆင်ပြေအောင်လို့ပါ။ ကိုယ့်မြို့လည်း ဖြစ်နေတော့
အားလုံး ကိုယ့်ကလေးတွေလို့ပဲ သဘောထားပါတယ်” ဟု Future Star ကိုယ်ပိုင်အထက်တန်းကျောင်းမှ
တီချယ် ဒေါ်ဇင်မာက ရှမ်းဂေဇက်သို့ ပြောသည်။
.
Future Star အပြင် တောင်ကြီးမြိုပေါ်ရှိ အခြားပုဂ္ဂလိကကျောင်းများတွင်လည်း
လက်ခံပေးသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းထံက သိရသည်။
.
တောင်ကြီးမြို့၊ အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင်
အဆောင်နေ ပညာင်ကြားနေသည့် Grade 12 ကျောင်းသူတစ်ဦးကို ဇန်နဝါရီလ
၁၅ ရက်၊ နေ့လယ်ပိုင်းက ကျောင်းအုပ်၏ သားဖြစ်သူမှ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အမှုမှ ပြစ်မှုကျူးလွန်သူကို တောင်ကြီးမြို့၊
သစ်တောရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းပေါ်ရှိ တောင်ကြီးဟိုတယ် အနီးတွင် ဇန်နဝါရီလ ၁၈
ရက်၊ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် နစ်နာသူ ဘက်မှ အမှုဖွင့်ထားကြောင်း သိရသည်။
.
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ယင်းကျောင်းမှ
ကျောင်းသား/ကျောင်းသူများ၏ အုပ်ထိန်းသူ မိဘအချို့က ၎င်းတို့ သား/သမီးများ၏ စိတ်ခန္ဓာ
လုံခြုံရေးအရ ကျောင်းထုတ်ကာ ပြန်လည်ခေါ်ဆောင်သွားမှုများလည်း ရှိနေပြီး အဓမ္မပြုကျင့်မှု
ဖြစ်စဥ်နှင့် ပတ်သက်၍ တောင်ကြီးဒေသခံများ၏ ပြင်းထန်စွာ ဝေဖန်မှုများ ထွက်ပေါ်နေလျက်
ရှိသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment