.
လားရှိုး၊ ဇန်နဝါရီ ၂၈
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ဗောဓာရုံဘုန်းတော်ကြီးကျောင်းတွင်
ယနေ့ ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းက သက်တော် ၅၆ နှစ် အရွယ် ဘုန်းတော်ကြီးတစ်ပါး ဓါးခုတ်ခံရပြီး
ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
.
.လားရှိုးမြို့၊ ရပ်ကွက် (၄)ရှိ ဗောဓာရုံဘုန်းတော်ကြီးကျောင်းတွင်
သီတင်းသုံးနေသော ဆရာတော် ဦးကုသလ ကို ယနေ့ ဇန်နဝါရီလ ၂၈ ရက်၊ နံနက် ၆ နာရီခွဲခန့်က ၎င်းနေထိုင်သီတင်းသုံးသည့်
အဆောင်လှေကားရင်း တွင် သွေးအိုင်အတွင်း လဲကျနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
“ဒီမနက် ၆ နာရီခွဲလောက်က ဆရာတော် ဦးကုသလကို သူ့အဆောင်လှေကားအဆင်းမှာ
ဓါးခုတ်ရာတွေနဲ့ သွေးအိုင်ထဲလဲနေတာတွေ့တယ်လို့ လက်ဘက်ရည်ဆိုင်က ကောင်လေးက ကျောင်းက
ဆရာတော်တွေကို သွားပြောတယ်။ သူတွေ့တဲ့အချိန်မှာ ဆရာတော် ဦးကုသလက စကားမေးလို့မရတော့ဘူး”
ဟု လားရှိုးမြို့၊ ရပ်ကွက် (၄) နေ ဦးတင်အောင်က ပြောသည်။
.
သို့ဖြစ်၍ ဆရာတော်အား လားရှိုးပြည်သူ့ဆေးရုံကြီးသို့
ပို့ဆောင်ခဲ့သော်လည်း ပျံလွန်တော်မူခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
.
အဆိုပါ ဆရာတော်အား ဓါးဖြင့်ခုတ်မှုနှင့် ပတ်သက်၍
ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိပြီး လက်ရှိတွင် သံသယရှိသူ လူငယ်အချို့ကို ခေါ်ယူစစ်ဆေးနေဆဲဖြစ်ကြောင်း
လားရှိုးမြို့မရဲစခန်းထံက သိရသည်။
.
လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ ဗောဓာရုံဘုန်းတော်ကြီးကျောင်း၏
အနောက်ဘက်တွင် ကျောင်းနေအရွယ် ကလေးများ အပြင် အခြေအနေမဲ့သူများ၊ မူးယစ်ဆေးသုံးစွဲသူများ
လာရောက်တတ်လေ့ရှိပြီး မကြာခဏ ခိုက်ရန်ဖြစ်ပွားတတ်သဖြင့် ဆရာတော်က လူစုခွဲမောင်းထုတ်ရလေ့ရှိကြောင်းနှင့်
တစ်ခါတရံတွင် လောက်လေးခွဖြင့် ခြောက်လှန့်ပစ်ခတ်ရခြင်းများလည်း ရှိကြောင်း ရပ်ကွက်နေ
ပြည်သူများထံက သိရသည်။
.
အဆိုပါ ဓါးခုတ်မှုကြောင့် ပျံလွန်တော်မူခဲ့သည့် ဆရာတော်
ဦးကုသလ၏ ရုပ်အလောင်းကို လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ ဗောဓာရုံဘုန်းတော်ကြီးကျောင်းတိုက်
အရှေ့မြေကွက်လပ်တွင် ပင့်ဆောင်ပူဇော်ထားပြီး မျက်နှာမှာ ဒဏ်ရာများကြောင့် အမြင်မသင့်သဖြင့်
သင်္ကန်းဖြင့် ဖုံးအုပ်ထားကြောင်း သိရသည်။
.
ပျံတော်မူသည့် ဆရာတော်ဦးကုသလမှာ ဓမ္မာစရိယ စာတတ်
စာချဆရာတော်တပါးဖြစ်ပြီး မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအတွက်
လုပ်ဆောင်နေသူ ဆရာတော်တစ်ပါး ဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Lashio #Crime
.

No comments:
Post a Comment