Wednesday, January 14, 2026

🌸 တောင်ကြီးမြို့ရှောင်လမ်းတွင် ကုန်တင်ယာဉ်ရပ်နားစခန်း တည်ဆောက်မည်

.

တောင်ကြီး၊ ဇန်နဝါရီ ၁၅

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ တောင်ကြီးမြို့ရှောင်လမ်းဘေးတွင် ကုန်တင်ယာဉ်ရပ်နားစခန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ မြို့ရှောင်လမ်းဘေးရှိ မြေဧရိယာ ၁၉ ဒသမ ၈ ဧကပေါ်တွင် ကုန်တင်ယာဉ်ရပ်နားစခန်း တည်ဆောက်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာများကို ရှမ်းပြည်နယ်စည်ပင် သာယာရေးဌာနက ဒုတိယအကြိမ် ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်းတည်ဆောက်ခြင်း စီမံကိန်းအား မြန်မာနိုင်ငံသား လုပ်ငန်းရှင် များ ထံမှ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) တင်သွင်းရန် ခေါ်ယူထားခြင်းဖြစ်ပြီး အဆိုပြုလွှာတင်သွင်းသူများအနေဖြင့် မိမိဆောင်ရွက်လိုသည့် အဆိုပြု လုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်သည့်ရက်အတွင်း (EOI) စိစစ်ရွေးချယ်ရေး အဖွဲ့ထံ ရှင်းလင်းတင်ပြ ရမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် အဆိုပြုလွှာကိုသာ လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

စိတ်ဝင်စားမှု အဆိုပြုလွှာများကို ဖေဖော်ဝါရီလ ၁၁ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၊ အင်ဂျင်နီယာဌာနခွဲသို့ တင်သွင်းနိုင်ကြောင်း အဆိုပြုလွှာစိစစ်ရွေးချယ်ရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။

.

အဆိုပါ တောင်ကြီးမြို့ရှောင်လမ်းသည် မတ်စောက်ခြင်း၊ အရည်အသွေး မပြည့်မီခြင်းနှင့် လမ်းပုံစံမကျခြင်း တို့ကြောင့် ကုန်တင်ယာဉ်ကြီးများ မကြာခဏ တိမ်းမှောက်တတ်သဖြင့် ဂရုစိုက်မောင်းနှင်ရန် လိုအပ် ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment