Thursday, January 15, 2026

🌸 အဆိုတော် ရှင်မင်းမြတ် မူဆယ်တွင် ပြန်ပေးဆွဲ နှိပ်စပ်ခံရပြီး ငွေကျပ် သိန်း ၃၀၀၀ ကျော် ပေးခဲ့ရ

.

တောင်ကြီး၊ ဇန်နဝါရီ ၁၆

.

ရန်ကုန်မြို့မှ အဆိုတော် ရှင်မင်းမြတ်နှင့် မိတ်ဆွေတစ်ဦး မူဆယ်မြို့နယ်တွင် ပြန်ပေးဆွဲ နှိပ်စက်ခံရပြီး ငွေကျပ် သိန်း ၃၀၀၀ ကျော် ပေး၍ ပြန်လည်လွတ်မြောက်ခဲ့ရကြောင်း သိရသည်။

.

.

အဆိုတော် ရှင်မင်းမြတ်နှင့် မိတ်ဆွေတစ်ဦးသည် မင်္ဂလာဆောင်တစ်ခုသို့ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၄ ရက်တွင် လောယဉ်ဖြင့် မန္တလေးမြို့သို့ သွားရောက်ခဲ့ပြီး ဇန်နဝါရီလ ၅ ရက်၊ နံနက်ပိုင်းတွင် မူဆယ်မြို့သို့ ကားဖြင့် ဆက်လက်သွားရောက်ခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ပွဲပြုလုပ်မည့်နေရာကို သွားရောက်ကြည့်ရှုရာ လူ ၄ ဦးက ခေါင်းစွပ်စွပ်၊ လက်ထိပ်ခတ်ကာ ကျားဖြန့်လုပ်ငန်းခွင်တစ်ခုသို့ ကားဖြင့် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ဖမ်းဆီးခေါ်ဆောင်သူများအနက် တစ်ဦးမှာ ပြည်သူ့စစ် ဟု ကိုယ်တိုင်ပြောဆိုပြီး နှစ်ဦးမှာ မြန်မာ-ယူနန် စကားပြောနိုင်သူများဖြစ်ကာ တစ်ဦးမှာ ကိုးကန့်လူမျိုးဖြစ်ကြောင်း အဆိုတော် ရှင်မင်းမြတ်က ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားသည့်စာတွင် ဖော်ပြထားသည်။

.

ဖမ်းဆီးခေါ်ဆောင်သွားသည့် နေရာအရောက်တွင် ၎င်းတို့ကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့ပြီး လောက်ကိုင်အမှုဟောင်းတစ်ခုနှင့် အကြောင်း ပြကာ ကျပ်သိန်း ၇၀၀၀ တောင်းခံ၍ ရိုက်နှက် နှိပ်စက်ခဲ့ပြီး ၄ ရက်အကြာ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင်မှ မူဆယ်မြို့ လမ်းကြားတစ်ခု၌ ကားပေါ်မှ ပစ်ချထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုတော် ရှင်မင်းမြတ်က ၎င်း၏ မိတ်ဆွေများထံ အကူအညီတောင်းခံခဲ့သဖြင့် ကျပ်ငွေ သိန်း ၃၀၀၀ ကျော် လွှဲပေးခဲ့ရပြီး ပြန်ပေးသမားများက ၎င်းတို့ကို မှတ်ပုံတင်နှင့် ငွေကျပ် ၁၀ သိန်းသာ ပြန်ပေးကာ လမ်းပေါ်တွင် ပစ်ချထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့ပြင် ၎င်းတို့ကို ပြန်မလွှတ်မီ အဝတ်အစားများ ချွတ်ခိုင်းကာ ဗီဒီယိုရိုက်ကူးပြီး ယခုကိစ္စကို ရဲတိုင်ပါက လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေမည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ အဆိုတော် ရှင်မင်းမြတ်က မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆေးရုံရှိ မှုခင်းရဲတပ်ဖွဲ့အား တရားဝင် တိုင်ကြားထားကြောင်း လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

.

အဆိုတော် ရှင်မင်းမြတ်သည် Underground To Stage တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် အဆိုတော်တစ်ဦး ဖြစ်ပြီး ကိုယ်ပိုင်သီချင်းများလည်း ထွက်ရှိထားသူဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Muse

.

 

No comments:

Post a Comment