Thursday, January 29, 2026

🌸 တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးသယ်ဆောင်သူ အုပ်စုကို ပစ်ခတ်ဖမ်းဆီး

.

🌸 ငွေကျပ်သိန်းပေါင်း ၆ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

.

တာချီလိတ်၊ ဇန်နဝါရီ ၃၀

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်၊ ညနေပိုင်းက မူးယစ် ဆေးဝါး သယ်ဆောင်သူအုပ်စုတစ်စုကို ပစ်ခတ်ဖမ်းဆီးစဉ် တစ်ဦးကို ဖမ်းမိပြီး စုစပေါင်း တန်ဖိုး ငွေကျပ် သိန်း ၆၀၀၆၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ်တစ်လက်၊ ကျည် ၁၄ တောင့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်၊ ညနေ ၄ နာရီခန့်တွင် တာချီလိတ်မြို့နယ်၊ ဆီဝန်းထောင်းကျေးရွာအနီး ရာဘာခြံအတွင်း အနောက်တောင်ဘက် ၅ မိုင်ခန့် အကွာတို့တွင် အဖွဲ့ငယ်များဖွဲ့၍ နေရာဖြန့်ခွဲကာ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ဆီဝန်းထောင်းကျေးရွာဘက်မှ ကျောပိုးအိတ်များ သယ်ဆောင်လာသည့် မသင်္ကာဖွယ် လူ ၁၀ ဦးခန့်အား တွေ့ရှိသဖြင့် စစ်ဆေးရန်အတွက် ရပ်တန့်ခိုင်းစဉ် ရပ်တန့် ခြင်းမရှိဘဲ ၎င်းတို့ဘက်မှ သေနတ်များဖြင့် စတင်ပစ်ခတ်ခဲ့သောကြောင့် အနီးကပ်နေရာတွင် အသင့်ရှိသော ပူးပေါင်းအဖွဲ့များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီး မသင်္ကာဖွယ်လူများမှ ၎င်းတို့ သယ်ဆောင် လာသည့် အိတ်များအားပစ်ချ၍ ထွက်ပြေးကြသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ  စိုင်းအောင်ခမ်း အားဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်ပေ ၃၀ ခန့်အကွာ  မြေကြီးပေါ်တွင် အိတ်အတွင်းမှ ကြယ်ငါးလုံး တံဆိပ်နှင့် TIE GUAN YIN စာတန်းပါ အစိမ်းရောင်   တရုတ်လက်ဖက် ခြောက်အိတ်ဖြင့် ထုပ်ပိုးထားသည့် စိတ်ပြောင်းဆေးဝါး (ကတ်တမင်း)အလေးချိန် ၃၅၀ ကီလိုခန့်၊ ဒေသကာလတန်ဖိုးငွကျပ်သိန်း ပေါင်း ၃၁၅၀၀ သိန်း အား လည်းကောင်း၊ ကြယ်ငါးလုံးတံဆိပ်နှင့် GUANYINWANG စာတန်းပါ ရွှေအိုရောင် တရုတ် လက်ဖက်ခြောက် အိတ်ခွံဖြင့်ထုပ်ပိုးထားသည့်  မက်သ်အဖက်တမင်း (အိုက်စ်) အလေးချိန် ၃၅၇ ကီလို၊ ဒေသကာလတန်ဖိုးငွကျပ်သိန်း ပေါင်း ၂၈၅၆၀ သိန်း၊ စုစုပေါင်းကျပ်သိန်းပေါင်း ၆၀၀၆၀ သိန်း အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူ စိုင်းအောင်ခမ်း အနီးတွင် အီတလီနိုင်ငံထုတ် PIETRO BERETTA ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ်အတွင်းမှ ကျည် ၁၄ တောင့်တို့အား ရှာဖွေ တွေ့ရှိသိမ်းဆည်ရမိခဲ့ကြောင်း သိရသည်။

.

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ကျိုင်းတုံမြို့နေ အိုက်သား ဆိုသူမှ  ဆီဝန်းထောင်းကျေးရွာ မှ မဲခေါင်မြစ်ကမ်းစပ် နေရာသို့ သယ်ဆောင်ခိုင်းခဲ့ကြောင်းနှင့်  သယ်ဆောင်သူ ၁၀ ဦးခန့်ရှိကြောင်း သိရသည်။

.

ဆက်လက်ပြီး ညနေ ၅ နာရီခန့်တွင် အထက်ပါပူးပေါင်းအဖွဲ့သည် တာချီလိတ် မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ပါခါကျေးရွာနေ အိုက်နွန်း၏ နေအိမ် အားမူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းဖြင့် ဝင်ရောက် ရှာဖွေရာ နေအိမ်တွင် အိုက်နွန်းအား အသင့်တွေ့ရှိရပြီး အိမ်ရှေ့မှ ရေစိုနေသည့် စစ်စိမ်းရောင်လည်တိုဖိနပ် တစ်ရံအား လည်းကောင်း၊ နေအိမ် လှေကားအောက်မှ မူးယစ်ဆေးဝါးအိတ်များ သယ်ဆောင်ရာ၌ လွယ်ကြိုးအဖြစ် အသုံးပြုသော ဖြူ/နီ/ပြာ/ဝါစောင်ကြား တစ်ထည် နှင့် ဘေးလွယ်အိတ် တစ်လုံးတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

ထို့အပြင် ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများမှာ  တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) အုပ်စု၊ ပါခါကျေးရွာနေ အိုက်နွန်း (ခ) အိုက်ခမ်းနွန်း ၏ ပစ္စည်းများဖြစ်ကြောင်း အစစ်ခံထွက်ဆိုသဖြင့် ပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီအချိန်တွင် အိုက်နွန်း(ခ)အိုက်ခမ်းနွန်၏ နေအိမ် အား မူးယစ်ဆေးဝါး နေအိမ်ရှာဖွေခွင့်ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ အိုက်နွန်း(ခ)အိုက်ခမ်းနွန်းအား နေအိမ်တွင် မတွေ့ရှိဘဲ တိမ်းရှောင်လျက်ရှိကြောင်း စိစစ်တွေ့ရှိရကြောင်း CCDAC Myanmar က ထုတ်ပြန်ထားသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #Tachileik #Crime

.

No comments:

Post a Comment