.
တောင်ကြီး၊ ဇန်နဝါရီ ၈
.
တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း
လူနေဆိုင်ခန်း ဆောက်လုပ်မည့်စီမံကိန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် စည်ပင်သာယာရေးဌာနတို့က
ခွင့်မပြုဘဲ အဆင့်မြင့်ပန်းခြံအဖြစ် ဖော်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များထံက
သိရသည်။
.
.ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ပေါ်ရှိ
အများပြည်သူ အနားယူအပန်းဖြေရာ အထင်ကရနေရာတစ်ခု ဖြစ်သော
ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း လူနေဆိုင်ခန်းများ ဆောက်လုပ်ရန် စီစဉ်နေမှုအပေါ်
ဒေသခံ ပြည်သူများ၏ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ခွင့်မပြုခြင်းဖြစ်ကြောင်း
သိရသည်။
.
“ကျွန်မတို့လည်း ခိုင်မာတယ်လို့ထင်ရတဲ့ သတင်းကကြားရတာပေါ့။
ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်မတို့အနေနဲ့ စာတင်ပြီး ကန့်ကွက်ထားတာမျိုးတော့
မရှိသေးပါဘူး။ ဒါပေမဲ့ အားလုံးကလည်း ဒါကို မဖြစ်သင့်ဘူးဆိုပြီး လူထုရဲ့အသံတွေ ကြားလာရတော့
စာတင်တာထက် ပိုပြီးထိရောက်တယ်လို့ ထင်ပါတယ်။ လူကြီးတွေအနေနဲ့ မလုပ်သင့်ဘူးလို့ ဆုံးဖြတ်တဲ့အပြင်
ဒါကို အဆင့်မြင့်ပန်းခြံတစ်ခုအဖြစ် လုပ်မယ်လို့ ကြားမိပါတယ်” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက
ပြောသည်။
.
ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ
စည်ကားသာယာလှပစေရန်အတွက် ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေး ကုမ္ပဏီက ပန်းခြံအတွင်း
၃ ထပ် လူနေဆိုင်ခန်းများ ဆောက်လုပ်ရန် ရှမ်းပြည်နယ်အစိုးရထံ တင်ပြခဲ့ခြင်း ဖြစ်ပြီး
လက်ရှိတွင် ရှမ်းပြည်နယ်အစိုးရက လူနေဆိုင်ခန်း ဆောက်လုပ်ခွင့်မပြုဘဲ ပန်းခြံကို အဆင့်မြှင့်တင်
ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
“တောင်ကြီးမြို့လယ်မှာ အများပြည်သူ အပန်းဖြေဖို့
ပန်းခြံဆိုရင် ဒီတစ်ခုပဲရှိတယ်။ တော်တော်များများက မြေနေရာတွေ ကြပ်တည်းကုန်ပြီ။ ပြည်သူလူထုတွေရဲ့
စိတ်ကျဉ်းကြပ်မှုတွေကို အပန်းဖြေနိုင်ဖို့ဆိုတာ ဒီလို ပန်းခြံလေးတွေ ဖော်ဆောင်ပေးနိုင်မှပဲ
အဆင်ပြေမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံနေရာဖြစ်သော
မြေကွက်လပ်ကို လွတ်လပ်ရေးခေတ်ဦးက တောင်ကြီး မြို့တော်ဝန်ဦးခန်း လက်ထက်တွင်
အများပြည်သူ ပန်းခြံအဖြစ် စတင်သတ်မှတ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၁၉၇၀ ခုနှစ် ဝန်းကျင်တွင်
တောင်ကြီးမြို့မှ ပန်းချီပန်းပုအနုပညာရှင် ဦးစံဖေက ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ထုလုပ်ကာ
ပန်းခြံအတွင်း ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment