Wednesday, February 18, 2026

🌸 တောင်ကြီးတွင် နေ့အပူချိန်များ အနည်းငယ် မြင့်တက်လာနေသည့်အတွက် မီး‌ဘေးအန္တရာယ် သတိပြုရန် လိုအပ်နေ

 .

တောင်ကြီး၊ ဖေဖော်ဝါရီ ၁၈

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း နေ့အပူချိန်များ အနည်းငယ်မြင့်တက် လာနေသည့်အတွက် မီးဘေးအန္တရာယ် သတိပြုရန် လိုအပ်နေကြောင်း သိရသည်။

.


.

တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်တွင်းလမ်းများနှင့် မြို့မဈေးကြီးပတ်လည်ရှိ လမ်းအများစုသည် လမ်းကျဉ်းများ ဖြစ်သည့်အပြင် မီးသတ်ကား ဝင်ထွက်ရန် အဆင်မပြေသည့်အတွက် မီးဘေးအန္တရာယ် ဖြစ်ပွားလာပါက စိုးရိမ်ရကြောင်း ဒေသခံများက ပြေဆိုကြသည်။

.

“မြို့မဈေးကြီးပတ်လည်မှာ မီးဘေးအန္တရာယ်မျိုး ဖြစ်ခဲ့ရင် မီးသတ်ကား ဝင်ဖို့ ဘယ်လိုမှ မလွယ်ပါဘူး။ အဲဒါကြောင့် မီးဘေးအန္တရာယ် မဖြစ်အောင် အားလုံးသတိထားဖို့ လိုအပ်ပါတယ်” ဟု တောင်ကြီးဒေသခံ တစ်ဦးက ရှမ်းဂေဇက် သတင်းမီဒီယာသို့ ပြောသည်။

.

မြို့မဈေးကြီးပတ်လည်ရှိ လမ်းမများတွင် ပျံကျရောင်းချနေသည့်ဈေးသည် အများစုရှိနေပြီး လမ်းပိတ်ကာ စည်းကမ်းမဲ့ ကုန်တင်ကုန်ချပြုလုပ်နေသည့် ကုန်တင်ယာဉ်အချိုလည်း နေ့စဉ်လို ရှိနေတတ်ကြောင်း သိရသည်။

.

“တချို့နေရာတွေမှာ လမ်းအဆင်မပြေလို့ မီးဘေးကြုံရင် ဘာမှမတတ်နိုင်တာမျိုးတွေ ကြုံရတတ်ပါတယ်။ လမ်းတွေကို အဝင်အထွက် အဆင်ပြေအောင် လုပ်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဖြစ်သွားပြီးရင်တော့ လိုက်လို့မမီဘူး ပြောရမှာပေါ့” ဟု အခြားဒေသခံတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိ ရပ်ကွက်ရှိ ဖုန်းနှင့် ဖုန်းအပို ပစ္စည်းအရောင်းဆိုင်တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ဖူးပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်ကလည်း တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ စက်သုံးဆီအရောင်းဆိုင် ဂိုဒေါင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့သေးသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment