.
တောင်ကြီး၊ ဖေဖော်ဝါရီ ၂၈
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ အမှတ်
(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသာများ ထံမှ သိမ်းဆည်းထားသည့် လက်ကိုင်ဖုန်းနှင့်
အခြား ကျောင်းသားနှင့် မသက်ဆိုင်သည့် ပစ္စည်းများကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်က မိဘအုပ်ထိန်းသူများထံ
ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။
.
ထိုသို့ ပေးအပ်ရာတွင် မိဘအုပ်ထိန်းသူများကို ခေါ်ယူတွေ့ဆုံပြီး
အကြောင်းအရင်း ဖြစ်စဉ်များနှင့် ကျောင်းစည်းကမ်းပါ အချက်များကို ရှင်းလင်း ပြောကြားပြီး
ဝန်ခံကတိဖြင့် ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ဖုန်းတွေ၊ မသက်ဆိုင်တဲ့ပစ္စည်းတွေ မယူလာရ၊ ယူလာရင်
အပြီးသိမ်းမယ်၊ အရေးယူမယ်ဆိုတာ ကျောင်းစည်းကမ်း ၂၁ ချက်ထဲမှာ ပါပြီးသားပါ။ ကျွန်မတို့က
တစ်နှစ်ပတ်လုံး ကျောင်းခန်းတွေမှာ လိုအပ်ရင် လိုအပ်သလို အခါအားလျော်စွာ ဝင်ပြီး ရှာဖွေစစ်ဆေးပါတယ်။
ကျောင်းပိတ်ခါနီး ၁၀ ရက်လောက်အလိုမှာ ပိုပြီးတော့ ရှာဖွေပါတယ်။ ဒီလိုရှာတဲ့အခါမှာ သိမ်းဆည်းရမိခဲ့တာပါ”
ဟု အထက (၁) ကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်စပယ်စိုးက ရှမ်းဂေဇက်မီဒီယာသို့ ပြောသည်။
.
သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများမှာ ကီးပက်ဖုန်း
တစ်လုံး အပါအဝင် လက်ကိုင်ဖုန်း စုစုပေါင်း ၂၆ လုံး၊ Power Bank ၁၀ လုံး၊ Bluetooth ၅ ခု၊ ဂစ်တာ ၄ လက်၊ ဓါးအတို/အရှည်
၃ လက်၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ Vape အထုပ်များ၊ ဆိုဂျူးနှင့် စစ်မြင်း
အရက်များ ဖြစ်ပြီး ဖုန်း၊ Power Bank၊ Bluetooth နှင့် ဂစ်တာများကို မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံကာ ကျန်ပစ္စည်းများကို
ဖျက်ဆီး/သိမ်းဆည်းခဲ့သည်ဟု သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိ ပစ္စည်းများကို မူလက အခြေခံပညာအဆင့်
စာမေးပွဲများ အားလုံး ပြီးဆုံးသာ ပြန်လည် ပေးအပ်ရန် စီစဉ်ထားခဲ့သော်လည်း ဝေဖန်မှုများ
ရှိနေသည့်အတွက် Grade-9 စာမေးပွဲ မပြီးဆုံးမီ ယမန်နေ့ ဖေဖော်ဝါရီလ
၂၇ ရက်၊ နေ့လယ်ပိုင်းတွင် မိဘအုပ်ထိန်းသူများထံ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
“အခုလို ကျောင်းသား/သူတွေအတွက် အန္တရာယ်မဖြစ်အောင်
တားဆီး သိမ်းဆည်းပေးတာ ကောင်းပါတယ်။ ဓါးတွေ၊ အရက်တွေ ဆိုတာက ကျောင်းသားတွေအတွက် အန္တရာယ်များပါတယ်”
ဟု ကျောင်းသားမိဘ တစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
#ShanGazette #Taunggyi #BEHS1
.




No comments:
Post a Comment