.
တောင်ကြီး၊ မတ် ၁၃
.
တောင်ကြီးမြို့၏ စက်သုံးဆီ ရည်ညွှန်းလက်လီဈေးနှုန်းများတွင်
92 ဓါတ်ဆီ တစ်လီတာလျှင် ကျပ် ၃၀၀ ကျော်အထိ ဈေးတက်လာပြီး အခြားစက်သုံးဆီဈေးနှုန်းများလည်း
မြင့်တက်ခဲ့ကြောင်း သိရသည်။
.
.စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ယမန်နေ့ မတ်လ ၁၂ ရက်က ၂၆၅၀ ကျပ်မှ ယနေ့တွင် ၂၉၅၅ ကျပ်သို့လည်းကောင်း၊
95 တစ်လီတာလျှင် ၂၇၂၀ ကျပ်မှ ၃၀၅၅ ကျပ်သို့လည်းကောင်း၊ ဒီဇယ်
တစ်လီတာ လျှင် ၂၇၃၅ ကျပ်မှ ၃၃၀၀ ကျပ်သို့လည်းကောင်း၊ ပရီမီယံဒီဇယ် တစ်လီတာလျှင်
၃၃၀ ကျပ်မှ ၃၆၈၅ ကျပ်သို့ လည်းကောင်း အသီးသီး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အပြင် တောင်ကြီးမြို့တွင် မတ်လ ၁၂ ရက်မှ စတင်၍
QR ကုတ် စတစ်ဖြင့် စက်သုံးဆီရောင်းချမှုများကို စတင်ကျင့်သုံးလျက်ရှိရာ
စက်သုံးဆီဝယ်ယူရန် ခက်ခဲမှုများ ဖြစ်ပေါ်နေပြီး လိုင်စင်ရှိ ယာဉ်အချို့တွင်း QR
ကုတ် ဖတ်မရဟုဆိုကာ စက်သုံးဆီ ဝယ်ယူမရခြင်းများလည်း ရှိနေကြောင်း သိရသည်။
.
“စက်သုံးဆီ အခက်အခဲကတော့ တစ်ကမ္ဘာလုံးအနေအထားနဲ့
ဖြစ်နေတာဆိုတော့ ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ စုံရက်၊ မရက်တွေ၊ QR ကုတ်တွေနဲ့ အမျိုးမျိုးဖြစ်နေတော့ ပြည်သူတွေ အတော်ကို ဒုက္ခရောက်ရပါ တယ်။ ဆိုင်ကယ်နဲ့
တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်ရတဲ့ သူတွေလည်း ဆီဝယ်မရလို့ အလုပ်မလုပ်နိုင် တာတွေ
ရှိလာပါတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
ယင်းကဲ့သို့ လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ
ဝယ်ယူရန် ခက်ခဲခြင်းတို့ကြောင့် သယ်ယူပို့ဆောင် ရေး အပါအဝင် လုပ်ငန်းအကြီးအသေးမရွေး
အားလုံး ထိခိုက်လာနိုင်ပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ကြောင်း
ဒေသခံများက ပြောဆိုကြသည်။
.
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်
ကမ္ဘာတစ်ဝှမ်း စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာနေခြင်းဖြစ်ပြီး စက်သုံးဆီ မပြတ်လပ်စေရေးအတွက်
ကမ္ဘာနိုင်ငံအသီးသီးက ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Petroleum
.

No comments:
Post a Comment