Thursday, February 26, 2026

🌸 ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စုရှိ ကျူးကျော်နေထိုင်သူများကို အင်အားသုံး ဖယ်ရှားရှင်းလင်း သွားမည် ဟုဆို

.

ဟိုပုံး၊ ဖေဖော်ဝါရီ ၂၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု အတွင်းရှိ ကျူးကျော်နေထိုင်သူများကို အင်အားသုံး ဖယ်ရှားရှင်းလင်း ဆောင်ရွက် သွားမည်ဟု ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က အကြောင်းးကြားစာ ပေးပို့ထားကြောင်း သိရသည်။

.

.

လုံခုတ်ကျေးရွာအုပ်စုအတွင်းရှိ မြေနေရာ ၅၆၁ ဒသမ ၇၅ ဧကကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးခွန်လှသိန်း က ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်တွင် မြို့မြေ တိုးချဲ့ရန်အတွက် မြေလွတ် မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ တင်ပြတောင်းခံခဲ့ရာ ယင်းနှစ်၊ နိုဝင်ဘာလ ၁၁ ၇က်တွင် နှစ်ပေါင်း ၃၀ လုပ်ကိုင်ခွင့် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

.

ယင်းမြေပေါ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က မြို့မြေ တိုးချဲ့ရန်အတွက် လူနေဧရိယာ ဇုန်၊ ကျောင်း/ဆေးရုံနှင့် ဌာနဆိုင်ရာများ၊ ဟိုတဘ်ဇုန်၊ ဘာသာရေးဆိုင်ရာ၊ ဈေးနှင့် စီးပွားရေးဆိုင်ရာ၊ အားကစားနှင့် စိမ်းလန်းရေး၊ အသေးစား၊ အလတ်စား စက်မှုဇုန်၊ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် လမ်းများ ဆောင်ရွက်ရန်အတွက် လျာထား ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

.

လက်ရှိတွင် အဆိုပါမြေပေါ်၌ ၂၀၁၅ ခုနှစ်မှ ယနေ့အချိန်ထိ နေအိမ် ၂၅၅ လုံးနှင့် တောင်ယာစိုက်ပျိုးသူ ၂၉၀ ဦး တို့သည် အသီးသီးကျူးကျော်ထားကြောင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့က ရှင်းလင်း ပြောဆိုထားသည်။

.

အဆိုပါ နေအိမ်ကျူးကျော်ထားသူများအား ဖယ်ရှားပေးရန် ဟိုပုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက (၂၅-၃-၂၀၂၅( ရက်၊ (၁၀-၄-၂၀၂၅) ရက်နှင့် (၂၆-၄-၂၀၂၅) ရက်တို့တွင် နို့တစ်စာများ ထုတ်ပြန်ခဲ့ပြီး (၃၀-၁၂-၂၀၂၅) ရက် နှင့် (၇-၁-၂၀၂၆) ရက်တို့တွင်လည်း ကျူးကျော်များ ရှင်းလင်းနေရာချထားရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးမျိုးအောင် ဦးဆောင်၍ ဟိုပုံးမြို့ သာသနာ့ဗိမာန်တွင် တွေ့ဆုံရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

.

ဒေသဦးစီးအဖွဲ့ အနေဖြင့် နေအိမ်ကျူးကျော်ထားသူ ၂၅၅ ဦးကို အလျား ၄၀ ပေ၊ အနံ ၅၀ ပေရှိ မြေကွက် ၁ ကွက် အတွက် ငွေကျပ် ၂၀ သိန်းနှုန်းဖြင့်လည်းကောင်း၊ ကျူးကျော်စိုက်ပျိုးတောင်သူ ၁၉၀ ဦးအနက်မှ ၅ ဧကအထက် စိုက်ပျိုးသူ ၁၈ ဦးအား အလျား ၆၀ ပေ၊ အနံ ၈၀ ပေရှိ မြေကွက် ၂ ကွက်၊ ၁ ဒသမ ၅ ဧကမှ ၅ ဧကအထိ ၉၈ ဦးအား အလျား ၆၀ ပေ၊ အနံ ၈၀ ပေရှိ မြေကွက် ၁ ကွက်၊ တစ်ကွက်လျှင် ငွေကျပ် ၅၀ သိန်းနှုန်း ဖြင့်လည်းကောင်း၊ ၁ ဒသမ ၅ ဧကအထိ စိုက်ပျိုးသူ ၇၄ ဦးအား အလျား ၄၀ ပေ၊ အနံ ၆၀ ပေရှိ မြေကွက် ၁ ကွက်၊ တစ်ကွက်လျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့်လည်းကောင်း ပေးသွင်းစေ၍ ဥပဒေနှင့်အညီ နေထိုင်ခွင့်ရရှိရေး စီစဉ်ဆောင်ရွက်ပေးမည်ဟု တွေ့ဆုံရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

.

ဒေသခံပြည်သူများက အဆိုပါ နေရာသည် ၁၉၉၂ မတိုင်မီကတည်းက ၎င်းတို့ လုပ်ကိုင်စားသောက်ခဲ့သည့် မြေဖြစ်ပြီး မြေလွတ်မြေရိုင်း မဟုတ်ကြောင်းနှင့် တပ်က သိမ်းဆည်းပြီးနောက် သီးစားငှား ပြန်လုပ်ကိုင်ခဲ့ရ ဖူးကြောင်း ပြောဆိုကြသည်။

.

အဆိုပါ မြေနေရာရှိ ကျူးကျော်နေထိုင်သူများကို ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် နောက်ဆုံးထား၍ နေအိမ်များ အပြီးဖျက်သိမ်းပေးရန်နှင့် ဖျက်သိမ်း ရှင်းလင်းခြင်းမရှိပါက ဖေဖော်ဝါရီလ ၂၈ ရက်တွင် အင်အားသုံး ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မြေနေရာများ အပါအဝင် လုံခုတ်ကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေလပ်ဧရိယာ ၁၈၄၀၂ ဧကအား ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၃)တိုင်းဗဟိုလေ့ကျင့်ရေးစခန်း စက်ပစ်ကွင်းနှင့် လေ့ကျင့်ရေးမြေအဖြစ် အသုံးပြုရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနက ၁၅-၇-၁၉၉၄ ရက်တွင် အခမဲ့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်း လေ့ကျင့်ရေးမြေများအနက် ၇ ဒသမ ၉၅ ဧက နှင့် ၃၃ ဒသမ ၅၇ ဧက တို့အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံးများ ဆောက်လုပ်ရန် ၂၀၁၀ နှင့် ၂၀၁၃ ခုနှစ်တို့တွင် ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ၁၈၃၆၀ ဒသမ ၄၈ ဧကအနက် ၁၄၁၁၇ ဒသမ ၉၈ ဧကအား ကာကွယ်ရေးဝန်ကြီးဌာနက(၅-၆-၂၀၁၅) ရက်နေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ပြီး ယင်းစွန့်လွှတ်မြေများအနက် ၆၂၅ ဧကအား နောင်တောင်းပရဟိတကျောင်း သာသနာမြေအဖြစ် လည်းကောင်း၊ ၅၆၁ ဒသမ ၇၅ ဧကအား မြို့မြေ တိုးချဲ့ရန်အတွက် ဒေသဦးစီးအဖွဲ့သို့လည်းကောင်း ခွင့်ပြုချထားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #HoPone

.

No comments:

Post a Comment