.
တောင်ကြီး၊ ဖေဖော်ဝါရီ ၂၅
.
ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပတ် ၃ ကစားသမား ရဲမင်းသူအား
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများတွင် အနီးဆုံး ၅ ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေ
၁၀ သိန်းကျပ် ပေးဆောင်ရန် ချမှတ်ခဲ့ကြောင်း သိရသည်။
.
.မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များအနက် ဖေဖော်ဝါရီလ
၂၀ ရက်က YUSC ကွင်းတွင် ကျင်းပခဲ့သည့် ပွဲစဉ် အမှတ် (၁၀၇)၊ ရန်ကုန်ယူနိုက်တက်အသင်းနှင့်
ရှမ်းယူတိုက်တက်အသင်းတို့ ပွဲစဉ်မှ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအတွက် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း
စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မီက ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
.
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊
စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီသည် ပွဲစဉ် ရုပ်သံမှတ်တမ်းများအား
ပြန်လည်ကြည့်ရှုခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများအား
အကြိမ်ကြိမ်သုံးသပ်ဖတ်ရှုလေ့လာခြင်းများ ပြုလုပ်ကာ ယင်းကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါပွဲစဉ်၏ ပွဲကစားချိန် ၈၇ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ
ကျောနံပါတ် ၃ ရဲမင်းသူသည် ရန်ကုန် ယူနိုက်တက်အသင်း ကစားသမား ကျောနံပါတ် ၉ မိုဂူးအား
ခြေထောက်ကျိုးစေပြီး ကစားသမားဘဝမှ အနားယူရနိုင်သည်အထိ ကြမ်းတမ်းစွာ ဖျက်ထုတ်ကစားခဲ့ခြင်းကြောင့်
ရဲမင်းသူအား MNL I & II League 2025-26
Regulations စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၄) နှင့် (၁၈)တို့အရ
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများတွင် အနီးစပ်ဆုံး ၅ ပွဲ ပါဝင်ကစားခွင့်
မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ၁၀ သိန်းပေးဆောင်ရန် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် နှစ်ဖက်အသင်းမှ အုပ်ချုပ်/နည်းပြနှင့်
အရန်ကစားသမားများသည် ပွဲကစားနေချိန်အတွင်း နည်းစနစ်ဧရိယာအတွင်း
လိုအပ်သည့်အရေအတွက်ထက် ပိုမို၍နေခြင်း၊ အော်ဟစ်ခြင်း၊ ကစားကွင်း အတွင်းသို့
ဝင်ရောက်ခြင်း၊ တစ်ဖက်အသင်း၏ နည်းစနစ်ဧရိယာထဲသို့ သွားရောက်စောဒက တက်ခြင်းများ
မပြုလုပ်ရန်နှင့် ထပ်မံကစားမည့် ပွဲစဉ်များတွင် ပြိုင်ပွဲဥပဒေနှင့်အညီ
နေထိုင်သွားရန် နောက်ဆုံးအကြိမ် အဖြစ် သတိပေး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.
ယင်းအပြင် ကွင်းလယ်ဒိုင်လူကြီးအနေဖြင့်
အချို့သော ကစားသမားများ၏ ဥပဒေပ ကစားပုံအချို့ကို ဥပဒေနှင့်အညီ စောလျင်စွာ
အရေးယူဆောင်ရွက်ခြင်းမပြုသဖြင့် မလိုလားအပ်သော ဆင့်ကဲဖြစ်စဉ်များ
ဖြစ်ပွားခဲ့ကြောင်း သုံးသပ်တွေ့ရှိရ၍ ဒိုင်ကော်မတီမှ လိုအပ်သည့်
အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပြီး စည်းကမ်းထိန်းသိမ်းရေးနှင့်
ကျင့်ဝတ်ကော်မတီသို့ ပြန်လည်တင်ပြသွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့သည်
တစ်ဘက်နှင့်တစ်ဘက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေဖြင့် ပွဲပြီးဆုံးခဲ့သည်။
.
#ShanGazette #Sports #Football #MNL
.

No comments:
Post a Comment