Wednesday, March 25, 2026

🌸 လွှတ်တော် ရေးရာကော်မတီ ၄ ခု၏ အမည်စာရင်းကို ရှမ်းပြည်နယ်လွှတ်တော်သို့ တင်သွင်း

.

တောင်ကြီး၊ မတ် ၂၆

.

ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် က လွှတ်တော်ရေးရာကော်မတီ ၄ ခု၏ အမည်စာရင်းကို ရှမ်းပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့သည်ဟု သိရသည်။

.

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး၊ ဒုတိယနေ့ကို ယနေ့ မတ်လ ၂၆ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေး၌ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက ကော်မတီတစ်ခုချင်းစီ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် အမည်စာရင်း တို့ကို လွှတ်‌တော်သို့ ဖတ်ကြားတင်သွင်းခဲ့ခြင်း ဖြစ်သည်။

.

လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကထံမှ ပေးပို့သော သဝဏ်လွှာကို ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ က လွှတ်တော်သို့ ဖတ်ကြား တင်ပြပြီး မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

.

ထို့နောက် ပြည်နယ်လွှတ်တော် ဒုဥက္ကဌ စိုင်းထွန်းစိန် က ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသား လူမျိုးအရေးဆိုင်ရာ ကော်မတီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီနှင့် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီတို့၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် လျာထားချက်များနှင့် စပ်လျဉ်း၍ ဖတ်ကြားရှင်းလင်းခြင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က ကော်မတီ တစ်ခုချင်းစီ၏ ထည့်သွင်းဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

.

ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဌ အဖြစ် ဟိုပုံးမြို့နယ် ကိုယ်စားလှယ် အမှတ်(၂) ဦးဒီဂေါလ်၊ အတွင်းရေးမှူး အဖြစ် မိုင်းယန်းမြို့နယ် ကိုယ်စားလှယ် အမှတ်(၁) စိုင်းလှိုင်ခမ်း နှင့် အဖွဲ့ဝင် ၁၀ ဦး၊ စုစုပေါင်း ၁၂ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာ ကော်မတီ ဥက္ကဌ အဖြစ် မောက်မယ်မြို့နယ် ကိုယ်စားလှယ် အမှတ်(၁) ခွန်ဟန်သိန်းဦး၊ အတွင်းရေးမှူး အဖြစ် မိုးမိတ်မြို့နယ် ကိုယ်စားလှယ် အမှတ်(၂) စိုင်ခမ်း‌ကျော် နှင့် အဖွဲ့ဝင် ၁၃ ဦး၊ စုစုပေါင်း ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ဥက္ကဌ အဖြစ် လားရှိုးမြို့နယ်ကိုယ်စားလှယ် အမှတ်(၂) ဦးခင်အောင်ဆွေ၊ အတွင်းရေးမှူး အဖြစ် မိုင်းတုံမြို့နယ် ကိုယ်စားလှယ်(၁) စောမူးလာ နှင့် အဖွဲ့ဝင် ၄ ဦး၊ စုစုပေါင်း ၆ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဌ အဖြစ် ရပ်စောက်မြို့နယ်ကိုယ်စားလှယ် အမှတ်(၁) ဦးအောင်ကျော်ညွန့်၊ အတွင်းရေးမှူး အဖြစ် မိုင်းတုံမြို့နယ် ကိုယ်စားလှယ်(၂) ဦးထင်‌အောင်နိုင် နှင့် အဖွဲ့ဝင် ၉ ဦး၊ စုစုပေါင်း ၁၁ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်း ကော်မတီဝင်များနှင့် ပတ်သက်၍ မတ်လ ၃၀ ရက်တွင် ပြုလုပ်မည့် ပြည်နယ်လွှတ်တော် အစည်းအဝေး တွင် ဆွေးနွေးမည် ဖြစ်ကြောင်းလည်း သိရသည်။

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့် ရှိသော ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၃၂ ဦး ရှိသည့်အနက် ယနေ့ ကျင်းပသော အစည်းအဝေး ဒုတိယနေ့သို့ လွှတ်တော်ကိုယ်စားလှယ် ၁၂၈ ဦး တက်ရောက်ပြီး ၄ ဦး ခွင့်ပန်ကြားခဲ့ကြောင်း သိရသည်။

.

#ShanGazette #Taunggyi #Hluttaw

.

No comments:

Post a Comment