.
တောင်ကြီး၊ မတ် ၃၀
.
၁၃၈၇ ခုနှစ်၊ တောင်ကြီးမြို့တော် မြန်မာ့ရိုးရာ
မဟာသင်္ကြန်ပွဲတော်တွင် ဖျော်ဖြေရေးမဏ္ဍပ်များအဖြစ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်၌
မဏ္ဍပ် ၉ ခု ထည့်သွင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
.“မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ
ယိမ်းအကပြိုင်ပွဲတွေ၊ ဒေသခံအဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ စည်ကား သိုက်မြိုက်စွာ
ကျင်းပသွားမှာ ဖြစ်ပါတယ်။ တောင်ကြီးမြို့ပေါ်မှာ ဗဟိုမဏ္ဍပ် အပါအဝင် မဏ္ဍပ် ၉ ခု
ဆောက်လုပ်ဖို့ စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရှမ်းပြည်နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက ပြောသည်။
.
အဆိုပါ မဏ္ဍပ်များမှာ
ရှမ်းပြည်နယ်လွှတ်တော်အနီးတွင် ဗဟိုမဏ္ဍပ်၊ ပြည်နယ်လမ်းဦးစီးဌာနရှေ့၊
ဗိုလ်ချုပ်ပန်းခြံထောင့်၊ City Square ရှေ့၊
ကုန်သည်လမ်းထိပ်၊ မြို့မဈေးဆိုင်ကယ်စတန်း၊ တရုတ်ဘုံကျောင်းရှေ့၊
ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှေ့နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
ရှေ့တို့တွင် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် လမ်းလျှောက်သင်္ကြန်အဖြစ် ဗဟိုမဏ္ဍပ်၏
ဘေးဘယ်ညာ ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် သပြေလမ်းထောင့် (စာတိုက်ထောင့်) မှ
ရဲရိပ်သာ ရှေ့ အထိ တစ်နေရာနှင့် City Square ရှေ့မှ Jasmine
Hotel ရှေ့အထိ တစ်နေရာ၊ စုစုပေါင်း ၂ နေရာ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရသည်။
.
မဟာသင်္ကြန်ပွဲတော်နှင့်အတူ သင်္ကြန်အကြိုနေ့မှ
နှစ်ဆန်း ၃ ရက်အထိ ၇ ရက်တိုင်တိုင် အသံမစဲ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကိုလည်း
ကျင်းပသွားမည် ဖြစ်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါန စုပေါင်း
ငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားနာယူပွဲတို့ကို
ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းထံက သိရသည်။
.
ထို့အပြင် ထူးထူးခြားခြား အနေဖြင့်
မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်လာစေရေးအတွက်
သင်္ကြန်ပွဲတော်နှင့်အတူ သနပ်ခါး ကမ်ပိန်းအပြင် ရှမ်းပြည်နယ်ဒေသထွက် လက်ဖက်နှင့်
ကော်ဖီ ကမ်ပိန်းများ၊ မြန်မာ့ရိုးရာထမနဲ ကမ်ပိန်းများကိုလည်း ထည့်သွင်း
ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Taunggyi #ThinGyan
.

No comments:
Post a Comment