.
တောင်ကြီး၊ မတ် ၃၁
.
တောင်ကြီးမြို့မဈေးတောင်ဘက်၊ တပင်ရွှေထီးလမ်းရှိ
နာရီစင်ညဈေးတန်း နေရာတွင် အဆင့်မြင့် ကားပါကင်နှင့် ခေတ်မီဈေး ပါဝင်သော ၇ ထပ်အဆောက်အဦကို
ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.ယာဉ်ရပ်နားစခန်း အဆောက်အဦ
ဆောက်လုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့်
သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်း
သဘောတူစာချုပ် ချုပ်ဆိုပွဲကို ယနေ့ မတ်လ ၃၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊
မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အဆောက်အဦတွင် ကားစီးရေ ၄၂၁ စီး
ရပ်နားနိုင်သော အဆင့်မြင့်ကားပါကင် ၅ ထပ်၊ ခေတ်မီဈေး ၂ ထပ်နှင့် မြေအောက်ထပ်
အဆင့်မြင့် စားသောက်ခန်းတို့ ပါဝင်မည်ဖြစ်ပြီး City Square ဈေးဝယ်စင်တာ
သို့ ဆက်သွယ်သည့် လူကူးခုံးကျော်တံတား ၂ စင်းနှင့် မြေအောက် ဥမင်ကားလမ်းတို့
ပါဝင်မည်ဖြစ်ကာ ရင်းနှီး မြှုပ်နှံငွေ ကျပ်သန်းပေါင်း ၃၁၃၇၉ ဖြင့်
သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
“လုပ်ငန်းစတင်ဖို့ကို မိုးမကျခင် အချိန်လေးမှာ
အကြိုအင်ဂျင်နီယာလုပ်ငန်းတွေဖြစ်တဲ့ ဆိုက်နေရာ သတ်မှတ်တာ၊ မြေစမ်းသပ်တိုင်းတာ
တာတွေ၊ မြေကြီးလုပ်ငန်းတွေ၊ စက်ကိရိယာ တင်သွင်းတာတွေကို အမြန်ဆုံး
စတင်မှာဖြစ်ပါတယ်။ ဒီနေရာမှာရှိတဲ့ မနက်ဈေး၊ ညဈေး ဈေးသည်တွေကို ရွှေ့ပြောင်းဖို့
ဈေးသူ/ ဈေးသားတွေနဲ့ ညှိနှိုင်းပြီးဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာမှ
ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ပြောသည်။
.
အကျိုးအမြတ် ခွဲဝေမှု အနေဖြင့် မော်တော်ယာဉ်၊
မော်တော်ဆိုင်ကယ်ရပ်နားခ ကောက်ခံရငွေမှ ၉၀ ရာခိုင်နှုန်းကို
သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကလည်းကောင်း၊ ၁၀ ရာခိုင်နှုန်းကို စည်ပင်သာယာရေးဌာန
က လည်းကောင်း ရရှိမည်ဖြစ်ပြီး စီမံကိန်းမြေဧရိယာ ၂၉၉၆၉ ဒသမ ၂၈ စတုရန်းပေအတွက်
တစ်စတုရန်း ပေလျှင် ၆၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၁၇၉၈၁၅၆၈ ကျပ်ကို
စည်ပင်သာယာရေးဌာနက နှစ်စဉ် ရရှိမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် စီမံကိန်းဆောင်ရွက်ခွင့်
ရရှိခြင်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စည်ပင် သာယာရေးဌာနက
ငွေကျပ် သန်း ၁၀၀၀ ကို တစ်နှစ်လျှင် ကျပ်သန်း ၂၅၀ နှုန်းဖြင့် ၄ နှစ်ဆက်တိုက်
ရရှိမည်ဖြစ်ကြောင်း သိရသည်။
.
တပင်ရွှေထီးလမ်းရှိ နေ့ဈေးနှင့် ညဈေး
ဈေးသည်များကို မြို့မဈေးမြောက်ဘက် ကုန်သည်လမ်းတွင် ပြန်လည်
နေရာချထားပေးမည်ဖြစ်ပြီး ဈေးသည်များအတွက် အမိုးကိုင်း၊ လျှပ်စစ်မီး၊
အမှိုက်သိမ်းစနစ် နှင့် အများသုံးအိမ်သာစနစ်တို့ကို
သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ဈေးသည်များ၏
လူမှုစီးပွား ဘဝ မပျက်စီးစေရေးအတွက် စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီတို့က
ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးစိုင်းထွန်းထွန်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ယင်း နာရီစင်ညဈေးတန်းတွင် ဈေးဆိုင်ပေါင်း ၉၀
ကျော် ရှိနေပြီး ဈေးဆိုင်များကို မြို့မဈေး မြောက်ဘက်ရှိ ကုန်သည်လမ်းသို့
သင်္ကြန်ကာလအပြီးတွင် ပြောင်းရွှေ့ခိုင်းထားကာ ဈေးသည်အများစုမှာ ပြောင်းရွှေ့ရန်
အဆင်မပြေသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
ညဈေးနေရာ ပြောင်းရွှေ့ရပါက အခက်အခဲများစွာ
ဖြစ်ပေါ်နိုင်ပြီး ညဈေးတန်း ဈေးသူဈေးသားများကို မှီခိုနေသည့် သက်ကြီးရွယ်အိုများ၊
ကျောင်းသားအရွယ် သားသမီးများ၊ စစ်ရှောင်များလည်း ရှိနေသည့် အတွက် အားလုံး
ဒုက္ခရောက်နိုင်ကြောင်းနှင့် နေရာအသစ် ပြောင်းရွှေ့ဖွင့်လှစ်ရပါက ဖောက်သည်များ
ပြန်လည်ရရှိရန် လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ဈေးသည်များက ပြောဆိုကြသည်။
.
“အရင်တုန်းက ဒါကို သွပ်မိုးပေးပါ၊ အိမ်သာတွေ
ဆောက်ပေးပါ ဆိုတော့ လမ်းမပေါ်ဖြစ်လို့ ဆောက်လို့ မရဘူးတဲ့။ အခုကျတော့ ၇ ထပ်
ဆောက်လို့ရတယ်ပေါ့။ ကျွန်မတို့လည်း ဒါတွေကို မေးချင်တာပေါ့။ ဒါပေမဲ့
မေးခွင့်လည်းမရှိဘူး” ဟု ညဈေးတန်း ဈေးသည်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ရှိ နာရီစင်ညဈေးတန်းတွင် ဆိုင်ခန်း ၃ တန်း
ရှိသော်လည်း ကုန်သည်လမ်းတွင် ပြန်လည်နေရာ ချထား ပေးပါက ဆိုင်ခန်း ၂ တန်းသာ
ပြန်လည်ရရှိမည်ဖြစ်ပြီး လှည်းထားခွင့်မရှိသလို အမှိုက်သိမ်းဆည်းရေး နှင့်
ရေသွန်ရန်ကိစ္စမှ အစ အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ဈေးသည်များက ပြောဆိုကြသည်။
.
#ShanGazette #Taunggyi
.


No comments:
Post a Comment