Thursday, October 16, 2025

🌸 တောင်ကြီးတွင် ပုံစံမျိုးစုံဖြင့် ခိုးယူလုယက်မှုများ မကြာခဏ ဖြစ်ပွားနေ

.

တောင်ကြီး၊ အောက်တိုဘာ ၁၆

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း ပုံစံမျိုးစုံဖြင့် ဆိုင်ကယ် အပါအဝင် ပစ္စည်းခိုးယူလုယက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

.

.

အခုက ဖြစ်တာ အစုံပါပဲ။ ဆိုင်ကယ်လုတယ်၊ ပိုက်ဆံအိတ်လုတယ်၊ မီးကြိုးခိုးဖြတ်တယ် အစုံကိုကြားနေရ တာပဲ။ သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလ လူစည်ကားတဲ့အချိန်ဆိုတော့ ပိုသတိထားဖို့ လိုတာပေါ့” ဟု တောင်ကြီး ဒေသခံတစ်ဦးက ပြောသည်။

.

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ကံရှေ့ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခု တွင် အမျိုးသမီးငယ်တစ်ဦးက ပိုက်ဆံအိတ်ခိုးယူထွက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဆိုင်ရှင်ဖြစ်သူမှာ ချက်ခြင်း သိရှိသဖြင့် ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ခိုးယူသူ အမျိုးသမီးသည် ဆိုင်အတွင်းဝင်လာပြီး ရေတောင်းသောက်ရာ ဆိုင်ရှင်မှ ရေခပ်ပေးနေချိန် တွင် ဘီရို အံဆွဲအတွင်းရှိ ပိုက်ဆံအိတ်ကို အလစ်သုတ်ခိုးယူထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အတူ တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံအနီးတွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ဈေးဆိုင်တစ်ခုတွင် ဈေးဝယ်ရန် ခေတ္တရပ်ထားသည့် ဆိုင်ကယ်ကို မိနစ်ပိုင်းအတွင်းမှာပင် ခိုးယူမောင်းနှင်ထွက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

.

ခိုးတာတင်မကတော့ဘူး၊ လုတာ၊ ခါးပိုက်နှိုက်တာတွေလည်း များလာတယ်။ အထူးသဖြင့် လူစည်ကားတဲ့ ဈေးနေ့တွေမှာ ခါးပိုက်နှိုက်တာတွေလည်းဖြစ်လာတယ်။ တောင်ကြီးမှာ အရင်က ဒီလိုမျိုး သိပ်မကြားဖူး ပါဘူး။ အခုက မကြာခဏလို ဖြစ်လာနေတော့ အားလုံး သတိရှိဖို့ လိုပါတယ်” ဟု တောင်ကြီးမြို့မဈေး အတွင်း ဈေးရောင်းချသူတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

မကြာမီ ရက်ပိုင်းအတွင်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပုံးပျံပြိုင်ပွဲကို ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်သို့ ဒေသခံများအပြင် မြန်မာပြည်အနယ်အရပ်ရပ်မှ ပွဲတော်လာပရိသတ်များ၊ ဆယ့်နှစ်မျိုးပွဲဈေး ရောင်းချသူများ လာရောက်လေ့ရှိကြပြီး ၎င်းတို့အကြားတွင် မသမာသူ ခိုးဆိုးလုနှိုက်များလည်း ပါဝင်လာနိုင် သဖြင့် ပွဲတော်ကာလအတွင်း လုံခြုံရေးကို ပိုမိုဂရုပြုကြရန် မြို့ခံအချင်းချင်း သတိပေးမှုများလည်း ရှိနေသည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment