Friday, February 20, 2026

🌸 အီးစီးကရက် (Vape) များအား သုံးစွဲခြင်းကို တားမြစ်

.

တောင်ကြီး၊ ဖေဖော်ဝါရီ ၂၀

.

မြန်မာနိုင်ငံတွင် အီးစီးကရက် (Vape) သုံးစွဲခွင့်ကို ဖေဖော်ဝါရီလ ၂၀ ရက်မှ စတင်၍ ပိတ်ပင်တားမြစ်လိုက် ကြောင်း သိရသည်။

.

.

အီးစီးကရက် (Vape) များ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သုံးစွဲခြင်း အားလုံးကို တားမြစ်ပိတ်ပင်လိုက်ခြင်း ဖြစ်ပြီး တားမြစ်ချက် ချိုးဖောက်သူများကို သက်ဆိုင်ရာ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

.

အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများသည် ပြည်သူ့ကျန်းမာရေးအတွက် ထိခိုက်နိုင်ခြေ မြင့်မားပြီး အထူးသဖြင့် လူငယ်လူရွယ်များအကြား သုံးစွဲမှု တိုးပွားလာခြင်းကို ထိန်းချုပ်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

.

“အဲဒီလို ပိတ်ပင်လိုက်တာ ကောင်းပါတယ်။ နိုင်ငံတကာမှာလည်း ပိတ်ပင်ထားတဲ့နိုင်ငံတွေ ရှိပါတယ်။ ဒီမှာက အထူးသဖြင့် အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ယောက်ျားလေး၊ မိန်းကလေး အကုန်လုံး အီးစီးကရက်တွေကို စတိုင်လ်တစ်ခုလို သုံးနေကြတာ ရင်လေးစရာပါပဲ” ဟု တောင်ကြီးမြို့နေ ကျောင်းသား မိဘတစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။

.

လက်ရှိအချိန်တွင် အီးစီးကရက်များသည် အွန်လိုင်းနှင့် အော့ဖ်လိုင်းဈေးကွက်များတွင် ပုံစံမျိုးစုံ၊ အနံ့မျိုးစုံဖြင့် ဝင်ရောက်နေပြီး အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသားလူငယ်များကြား အသုံးပြူမှုများရှိနေကာ လူငယ်ထုကို ခြိမ်းခြောက်နေသည့် အန္တရာယ်တစ်ခု ဖြစ်နေသည့်အတွက် ယခုကဲ့သို့ တားမြစ် ပိတ်ပင်ခြင်းကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်သင့်ကြောင်း မိဘများက ပြောဆိုကြသည်။

.

အီးစီးကရက်အသုံးပြုမှုသည် နီကိုတင်းအလွန်အကျွံ သုံးစွဲမှုနှင့် အဆုတ်နှင့် နှလုံးရောဂါဆိုင်ရာ ပြဿနာ များဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

.

#ShanGazette #Taunggyi #Ecigarette #Health

.

No comments:

Post a Comment