.
တောင်ကြီး၊ ဖေဖော်ဝါရီ ၂၀
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း
ဖြန့်ဝေနေသော ဇန်နဝါရီလအတွက် ကောက်ခံသည့် လျှပ်စစ်မီတာ စာရွက်များ၌ ဓါတ်အားကောက်ခံမှု
ကျသင့်ငွေများ ၃ ဆကျော်အထိ မြင့်တက်လာနေကြောင်း သိရသည်။
.
.ယခင်လများက လျှပ်စစ်မီတာခ ၁၀၀၀၀ ကျပ်ဝန်းကျင်ခန့်
ကျသင့်သည့် လူနေအိမ်များတွင် ယခုရက်ပိုင်း ရောက်ရှိလာသည့် လျှပ်စစ်ဓာတ်အားခ တောင်းခံလွှာ
စာရွက်များ၌ ၅၀၀၀၀ ကျပ် ဝန်းကျင် အထိ ကျသင့် နေခြင်းဖြစ်ကြောင်း သိရသည်။
.
“ဒီနေ့မနက်ပိုင်း မီတာစာရွက်လာပို့တော့ မီတာခ က
တော်တော်များနေတာ တွေ့ရတယ်။ အရင်လ တွေတုန်းက ပုံမှန် တစ်သောင်းလောက်ပဲ ကျတာကို အခု
စာရွက်ရောက်လာတော့ ငါးသောင်းလောက် ဖြစ်နေတယ်” ဟု တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်နေ
ဒေသခံတစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။
.
ယခု ရက်ပိုင်းတွင် အဆိုပါရပ်ကွက်အတွင်းသို့ ဖြန့်ဝေထားသည့်
မီတာစာရွက် အများစု၌ ယင်းကဲ့သို့ ဓါတ်အားခများ အဆမတန် မြင့်တက်နေခြင်းဖြစ်ကြောင်း ဒေသခံများက
ပြောဆိုကြသည်။
.
ယခုနှစ်တွင် လျှပ်စစ်မီး ပြတ်တောက်မှု နည်းပါးသော်လည်း
ယခုကဲ့သို့ မီတာခ ကောက်ခံမှု အဆမတန် မြင့်တက်လာသည့်အတွက် အခြေခံလူတန်းစား ပြည်သူများ
အခက်အခဲ ဖြစ်ပေါ်နေရပြီး သုံးစွဲမှုအပေါ် မူတည်၍ ဓါတ်အားခများ မြင့်တက်လာနိုင်သည့်အတွက်
သတိပြုရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
လက်ရှိ ကောက်ခံနေသည့် အိမ်သုံး လျှပ်စစ်မီတာခ
နှုန်းထားများမှာ လျှပ်စစ်မီတာ ၁ ယူနစ်မှ ၅၀ ယူနစ် အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀
ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ် နှင့် ၂၀၁ ယူနစ်အထက် ၃၀၀ ကျပ်တို့ဖြစ်ကြောင်း
သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment