Saturday, May 23, 2026

🌸 ကလောမြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲ ပြုလုပ်

.

ကလော၊ မေ ၂၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် စာရေးဆရာအသင်း၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အလုပ် အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ မေလ ၂၂ ရက်၊ နံနက်ပိုင်းက ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အစည်းအဝေးတွင် သဘာပတိ ဦးကိုကိုကြီး (သက်မောင်-ကလော) က အမှာစကား ပြောကြားပြီး အတွင်း ရေးမှူး ဦးဇော်သိန်းရည် (ရဲရဲရည်)၊ ဦးအောင်ချစ် (အောင်ချစ်-ဟဲဟိုး)၊ ဦးမြင့်ငွေ (ချမ်းမြဆောင်း-ကလော) နှင့် ဒေါ်မြသီတာဆန်း (မြသီတာ-ကလော)တို့က အသင်း၏ ဆောင်ရွက်ချက်များနှင့် အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

.

ထို့နောက် အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲကို ဆက်လက်ကျင်းပရာ မူလ အလုပ်အမှုဆောင်အဖွဲ့ အတိုင်း ဆက်လက်ထားရှိ ဆောင်ရွက်ရန် တက်ရောက်လာသူများက အများသဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

.

“လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်မယ်ဆိုရင် တစ်ဦးချင်းက လျှို့ဝှက်မဲပေးစနစ်နဲ့ဖြစ်စေ၊ တစ်ဦးက အဆိုတင်ပြီး ထောက်ခံတာ/ကန့်ကွက်တာ လုပ်ရပါမယ်။ အခုကလောမှာလုပ်ခဲ့တာက ဗြောင်မဲစနစ်လို့ပြောရမယ်။ အဆို တင် ထောက်ခံတဲ့ပုံစံနဲ့ လုပ်ခဲ့တာပါ။ လျှို့ဝှက်မဲစနစ်နဲ့သွားရင်လည်း ဒီအဖြေပဲ ထွက်လာမှာဖြစ်တဲ့ အတွက် အချိန်ကုန်သက်သာအောင် အခုလိုလုပ်လိုက်တာပါ။ ကိုယ်တို့အသင်းမှာက အစည်းအဝေးမလုပ်ခင် ကတည်း က မူလအတိုင်း ထားဖို့ ဆန္ဒရှိကြတဲ့အတွက် အကျဉ်းချုပ်လိုက်တာပါ” ဟု ကလောမြို့နယ် စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးကိုကိုကြီး (သက်မောင်-ကလော) က ပြောသည်။

.

အဆိုပါ အစည်းအ‌ဝေးသို့ ကလောမြို့နယ်စာရေးဆရာအသင်း၏ အသင်းဝင် ၁၅ ဦး ရှိသည့်အနက် ၁၀ ဦး တက်ရောက်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးကိုကိုကြီး၊ အတွင်းရေးမှူးအဖြစ် ဦးဇော်သိန်းရည်၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးအောင်ချစ်၊ အမှုဆောင်အဖြစ် ဒေါ်မြသီတာဆန်း နှင့် ဦးထွန်းဝင်းတို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

.

အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲတွင် လုပ်ထုံးလုပ်နည်းနှင့် အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ကိုယ်စားလှယ်တစ်ဦး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးနှင့် အရွေးချယ် မခံလို သော အသင်းသားတစ်ဦးတို့က ကြီးကြပ်ရေးအဖွဲ့အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

.

#ShanGazette #KaLaw

.

No comments:

Post a Comment