.
တောင်ကြီး၊ အောက်တိုဘာ ၁၅
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်
အမှတ် (၁)၊ (၂) နှင့် (၃) အတွင်း စားသောက်ဆိုင် အဆောက်အဦများ ဆောက်လုပ်မည့် ကိစ္စကို
ပယ်ဖျက်လိုက်ကြောင်း Living Earth Green Network Taunggyi
၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
.
.
“ဟုတ်ပါတယ်။ ဂနိုင်ကန်က သဘာဝအတိုင်းပဲ ထိန်းသိမ်းထားရမယ့်ကန်ပေါ့။
သူက ရေထွက်တာလည်း သိပ်အများကြီး မရှိဘူး။ မိုးရာသီမှသာ တောင်ကျရေတွေနဲ့ ရေပြည့်တဲ့
ကန်မျိုးပါ။ မြောက်ဘက်ဆုံးမှာရှိတဲ့ ကန်က မြို့ထဲကို ရေပေးဝေနေတဲ့ ကန်ဖြစ်တော့ ဂေဟစနစ်တွေ
မပျက်သွားအောင် ထိန်းသိမ်းတာပါ။ ထိန်းသိမ်းထားဖို့ တကယ်လိုအပ်တဲ့ ရေကန်ဖြစ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့
မြို့ခံ တွေက ကန့်ကွက်တော့ မလုပ်ဖြစ်တော့တာပေါ့။ သူတို့ (အစိုးရ၊ တာဝန်ရှိသူ) ဘက်ကလည်း
ပြန်သုံးသပ် တာပေါ့” ဟု Living Earth Green Network (ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ရက်)
မှ ဒေါ်ချယ်ရီကျော် က ရှမ်းဂေဇက်သို့ ပြောသည်။
.
ဂနိုင်ကန်သာယာ ပြင်ဆင်ခြင်း လုပ်ငန်းများအဖြစ် ကန်ပတ်လမ်း
ပြုပြင်ခြင်း၊ ပန်းလှပင်များ စိုက်ပျိုးခြင်း တို့ကို ယခင်နှစ် ၂၀၂၄ ခုနှစ်အတွင်းက
လွိုင်ခမ်းကုမ္ပဏီမှ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် တောင်ကြီးမြကန်သာ ရေကန်ကဲ့သို့
စားသောက်ဆိုင်တန်းများ၊ အဆောက်အဦများ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။