.
တာချီလိတ်၊
မေ ၃၀
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ နဂါးနှစ်ကောင် ကျောင်းတိုက်တွင် ယနေ့
မေလ ၃၀ ရက်၊ နံနက်ပိုင်းက မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ဆွမ်းဆန်စိမ်း
လောင်းလှူပွဲနှင့် ငွေပဒေသာပင် စိုက်ထူပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား
ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားစေရန်၊
ကုသိုလ်ကောင်းမှုများ စုပေါင်းဆောင်ရွက်နိုင်ပြီး သာသနာတော်အဓွန့်ရှည်တည်တံ့
ခိုင်မြဲစေရန် ရည်ရွယ်၍ နှစ်နိုင်ငံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို
ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
.
ဆွမ်းဆန်စိမ်း
လောင်းလှူပွဲတွင် ဒေသခံရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက
တိုင်းရင်းသား အကများဖြင့် ကြိုဆိုပြီး တာချီလိတ် ခရိုင်/မြို့နယ်အဆင့်
ဌာနဆိုင်ရာများ၊ ထိုင်းနိုင်ငံ ဘာသာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
မစ္စတာ ပကျနာပညာသိလ်၊ ချင်းရိုင်ခရိုင်ယဉ်ကျေးမှုဦးစီးဌာန မစ္စတာ ပိသန့်ဂျန်သိလ်
ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဗုဒ္ဓဘာသာနွယ်ဝင် အလှူရှင်များက
ဆရာတော် သံဃာတော် ၉၉ ပါး တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို
ကြည်နူးဖွယ်ရာ စုပေါင်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
.
ထို့နောက်
ဧည့်ပရိသတ်များက နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် မြို့နယ်သံဃနာယကဥက္ကဋ္ဌ
ဘဒ္ဒန္တသုဓမ္မ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (သာသနတက္ကသီလဓမ္မာစရိယ B.A
Buddhism, M.A သီရိလင်္ကာ)
ထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား
ချီးမြှင့်တော်မူသော မင်္ဂလာသုတ်၊ ရတနသုတ်၊ မေတ္တသုတ် ပရိတ်တရားတော် များကို နာယူ
ကြည်ညိုခဲ့ကြကြောင်း သိရသည်။
.
ဆက်လက်ပြီး
အလှူရှင်များက နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်နှင့် ထိုင်းနိုင်ငံမှ ဆရာတော်
ဖရာခရူပိဆောင် နလာအွန် အမှူးထား၍ ဆရာတော်သံဃာတော်များအား နဝကမ္မဝတ္ထုငွေနှင့်
ပဒေသာပင်များ ဆက်ကပ်လှူဒါန်းကြပြီး နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ထံမှ
မြန်မာ-ထိုင်းအလှူရှင်များနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု
အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ
အခမ်းအနားသို့ မြန်မာ-ထိုင်း နှစ်နိုင်ငံမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် အလှူရှင်များ စုစုပေါင်း ၁၅၀၀ ဦးခန့်
တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.
#ShanGazette
#Tachileik
.

No comments:
Post a Comment