Saturday, May 30, 2026

🌸 မအိမ့်ချစ်သူနှင့် ဂုဏ်ထူးဆောင်များအား ဂုဏ်ပြုပွဲကျင်းနိုင်ရေး အလှူငွေများ လှူဒါန်းနိုင်

.

တောင်ကြီး၊ မေ ၃၁

.

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဂုဏ်ပြုဖြေဆိုပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် မအိမ့်ချစ်သူ အပါအဝင် ဂုဏ်ထူးဆောင်များအား ဂုဏ်ပြုပွဲ ကျင်းပနိုင်ရေးအတွက် အလှူငွေ ကျပ်သိန်း ၅၀ ခန့် ရရှိထားပြီး ထပ်မံလှူဒါန်းနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဂုဏ်ထူးဆောင်များအား ဂုဏ်ပြုပွဲ ကျင်းပရေးကော်မတီ ထံက သိရသည်။

.

.

“အလှူငွေကတော့ ဘာမှ မရသေးပါဘူး။ မနေ့ညနေ (မေလ ၃၀ ရက်) အထိ သိန်း၅၀ လောက် အထိပဲ ရပါသေးတယ်။ ၂၉ ရက်နေ့ ညနေမှ ကော်မတီဖွဲ့ပြီးတော့ ၃၀ ရက်နေ့မှ လုပ်ရတာပါ။ လက်ရှိ ရထားတဲ့ အလှူငွေကတော့ ကြိုဆိုရေးအတွက် လောက်ပဲ ရှိဦးမှာပါ။ ဂုဏ်ပြုဖို့ကတော့ ဘယ်လောက်ဆိုတာ မသတ်မှတ်နိုင်သေးပါဘူး” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဂုဏ်ထူးဆောင်များအား ဂုဏ်ပြုပွဲ ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောသည်။

.

ယမန်နေ့ မေလ ၃၀ ရက်အထိ အလှူငွေ လက်ခံရရှိမှုအနေဖြင့် ရှမ်းတောင်မြို့နယ်ပေါင်းစုံ ဓမ္မစကူးလ် ကော်မတီက ၁၀ သိန်းကျပ်၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က ၁၀ သိန်းကျပ်၊ အေးမြကရုဏာ ပရဟိတအသင်းက ၁၀ သိန်းကျပ်၊ ဦးသိန်းဟန်က ၃ သိန်းကျပ်၊ ဥပတ္ထမ္ပကအဖွဲ့က ၃ သိန်းကျပ်၊ အဘိဓမ္မာ ပြန့်ပွားရေးအသင်းက ၃ သိန်းကျပ်၊ သာသနာ့မာမကအဖွဲ့က ၃ သိန်းကျပ်နှင့် အခြား အလှူရှင်များ၏ လှူဒါန်းမှုများ ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သုတစုံလင် ဂုဏ်ထူးဆောင်များကို မေလ ၆ ရက်တွင် ကလောမြို့၌ သွားရောက်ကြိုဆိုမည်ဖြစ်ပြီး ရွှေညောင်မြို့တွင် တစ်ထောက်နားကာ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

သုတစုံလင် ဗုဒ္ဓဝင် ဂုဏ်ပြုဖြေဆိုပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်သူ မအိမ့်ချစ်သူ အပါအဝင် ၁၄ ဦးရှိပြီး ပြည်နယ်အဆင့် ဖြေဆိုအောင်မြင်သူများ အပါ စုစုပေါင်း ၅၀ ဦး ရှိကာ ဂုဏ်ပြုပွဲတွင် ၅၀ ဦးလုံးကို ကြိုဆိုဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

.

အလှူငွေ လှူဒါန်းလိုသူများအနေဖြင့် သုတစုံလင်ဗုဒ္ဓဝင် ဂုဏ်ထူးဆောင်များအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးစံလင်း ဖုန်း ၀၉ ၅၁၁၈၄၄၅ နှင့် ရှမ်းတောင်ပရဟိတများကွန်ရက် ဖုန်း ၀၉ ၄၄၈၅၅၁၂၃၁ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

.

Photo - ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်

.

#ShanGazette #Taunggyi

.

No comments:

Post a Comment