Tuesday, June 2, 2026

🌸 ရှမ်းပြည်နယ်တစ်ခုလုံးတွင် ကျောင်းအပ်နှံသူ ၅၆၀၀၀၀ ကျော်ရှိ

.

တောင်ကြီး၊ ဇွန် ၂

.

ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် အခြေခံပညာအဆင့် အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများတွင် ယမန်နေ့ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်နှံသူ ကျောင်းသား/သူ ဦးရေ ၅၆၀၀၀၀ ကျော် ရှိသည်ဟု ရှမ်းပြည်နယ်ပညာရေးမှူးရုံးက သိရသည်။

.

.

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယမန်နေ့ ဇွန်လ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ရှမ်းပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် အစိုးရအခြေခံကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ မူလတန်းအဆင့် အပ်နှံသူ ၃၉၂၈၂၃ ဦး၊ အလယ်တန်းအဆင့် အပ်နှံသူ ၁၃၉၀၃၄ ဦးနှင့် အထက်တန်းအဆင့် အပ်နှံသူ ၂၈၆၆၂ ဦး၊ စုစုပေါင်း ၅၆၀၅၁၉ ဦး ရှိကြောင်း သိရသည်။

.

ယမန်နှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ကုန်တွင် စာရင်းရှိ ကျောင်းသား/ကျောင်းသူဦးရေ အနေဖြင့် မူလတန်းအဆင့် ၅၁၇၇၇၁ ဦး၊ အလယ်တန်းအဆင့် ၁၂၆၇၆၈ ဦးနှင့် အထက်တန်းအဆင့် ၅၄၆၇၅ ဦး၊ စုစုပေါင်း ၆၉၉၂၁၄ ဦး ရှိခဲ့ခြင်းဖြစ်သည်။

.

ယင်းကဲ့သို့ ကျောင်းအပ်နှံသည့် ဦးရေ လျော့နည်းနေခြင်းမှာ အချို့သော ဒေသများတွင် ကျောင်းအပ်နှံမှု နောက်ကျခြင်းကြောင့် ဖြစ်နိုင်ပြီး အခြေခံပညာအထက်တန်း Grade-12 စာမေးပွဲ အောင်စာရင်းများ ထွက်ပြီးနောက်တွင်လည်း Grade-12 ကျရှုံးသူများ ကျောင်းပြန်လည်ဝင်ရောက်လာနိုင်သဖြင့် ကျောင်းသားဦးရေ ပြန်လည်များလာနိုင်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

.

အခြေခံပညာအဆင့် ကျောင်းအပ်လက်ခံမှုကို မေလ ၂၅ ရက်မှ စတင်လက်ခံဆောင်ရွက်ခဲ့ပြီး ယမန်နေ့ ဇွန်လ ၁ ရက်တွင် ကျောင်းများစတင်ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ကြောင်း သိရသည်။

.

https://url-shortener.me/MOWH

.

#KBZTai #Shan #Taunggyi #Education

.

No comments:

Post a Comment