.
တောင်ကြီး၊ ဇန်နဝါရီ ၂၆
.
UWSA ထိန်းချုပ်ထားသည့် “ဝ” ဒေသ၊ မိုင်းပေါက်မြို့တွင်
လူသတ်ပြီး အသားကို မီးကင်စားခဲ့သူအား ဖမ်းဆီးရမိခဲ့သည် ဟူသော သတင်းမှာ မဟုတ်မှန်ဘဲ
လူသတ်ပြီး မီးရှို့ခဲ့ခြင်းသာ ဖြစ်သည်ဟု UWSA ပြင်ပဆက်သွယ်ရေးတာဝန်ခံ
ဦးညီရမ်းက ၎င်း၏ လူမှုကွန်ရက်တွင် ပြန်လည်ရှင်းလင်းထားသည်။
.
.“ဝ”ဒေသ၊ မိုင်းပေါက်မြို့တွင် ဖခင်ကို သတ်ဖြတ်ကာ
မီးကင်စားခဲ့သူကို ဇန်နဝါရီလ ၂၃ ရက်၊ နံနက်ပိုင်းတွင် “ဝ” ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း
ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်က သတင်းများ ပြန့်နှံ့ခဲ့ခြင်းဖြစ်သည်။
.
အဆိုပါဖြစ်စဉ်မှာ မှန်ကန်မှု မရှိဘဲ စိတ်ဝေဒနာရှင်တစ်ဦးက
၎င်း၏ မွေးစားဖခင်ကို သတ်ဖြတ်ကာ မီးရှို့ခဲ့ခြင်းသာဖြစ်ပြီး လူသားစားည့် ဖြစ်စဉ်မျိုး
လုံးဝ မရှိခဲ့ကြောင်းနှင့် ကျူးလွန်သူကို “ဝ” ပြည်ဥပဒေဖြင့် ထိရောက်သည့် အရေးယူမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးညီရမ်းက ပြန်လည်ရှင်းလင်း ထားသည်။
.
ထို့အပြင် “ဝ” ဒေသတွင် ရှေးယခင်က ဒေသအချို့၌ ယစ်ပူဇော်ရန်
ခေါင်းဖြတ်သည့်ဓလေ့ ရှိခဲ့ဖူးသော်လည်း လူသားစားသည့် ဖြစ်စဉ်မျိုး လုံးဝမရှိခဲ့ဖူးကြောင်း
ဦးညီရမ်းက ဆက်လက် ရေးသားထားသည်။
.
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊
မှော်ဘီမြို့နယ်တွင် လင်မယားချင်း ရန်ဖြစ်ရာမှ ခင်ပွန်းက ဇနီးအား ခေါင်းဖြတ်သတ်ဖြတ်မှု
ဖြစ်ပွားခဲ့သေးသည်။
.
#ShanGazette #Wa
.

No comments:
Post a Comment